CNI International News

လန်ဒန်၊ ဖေဖော်ဝါရီ ၁၈

ယူကရိန်းသို့ စစ်သားများစေလွှတ်ပြီး ဖြန့်ကြက်ချထားရန် အသင့်ပြင်ထားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်ပြီး အမေရိကန်၏ အံ့အားသင့်ဖွယ် မူဝါဒ အပြောင်းအလဲကို ဖြေရှင်းရန်အတွက် စတာမာသည် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်သစ်နိုင်ငံ၊ ပဲရစ်  (Paris) မြို့တော်တွင် ဥရောပခေါင်းဆောင်များနှင့် မတွေ့ဆုံမီ နာရီပိုင်းအလို၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ရုရှားအကြား ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်သည် မရေရာသည့် အခြေအနေများနှင့် ရင်ဆိုင် နေရချိန်တွင် ဥရောပနိုင်ငံများ အနေဖြင့် မိမိတို့၏ စုပေါင်းလုံခြုံရေးအတွက် လုပ်စရာရှိတာများကို ပိုမို လုပ်ဆောင်သင့်ကြောင်း ပြင်သစ်နိုင်ငံက သတိပေးခဲ့သည်။

၃ နှစ်ကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများတွင် ဥရောပကို ချောင်ထိုးထားမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေခြင်းနှင့်အတူ ဗြိတိန်ဝန်ကြီးချုပ် စတာမာက အခြေအနေအရ လိုအပ်လာပါက ဗြိတိန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။

“ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံချက်ရှိစေဖို့ ဘယ်လိုအခန်းကဏ္ဍကမဆို ကူညီပေးတာဟာ ကျနော်တို့ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် ရရှိစေမှာပါ။ ဗြိတိန်ရဲ့ လုံခြုံရေးအတွက်လည်း ပါတာပေါ့” ဟု စတာမာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်မြေပြင်ကို တွေ့ရစဉ်

စတာမာ၏ မှတ်ချက်များအရ သူသည် ယူကရိန်းသို့ ဗြိတိန် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် စဉ်းစားနေသည့် အချက်ကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်ကလည်း ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ဗြိတိန်က တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေး ရန် ဆန္ဒရှိနေသည်ဟု စတာမာက ပြောကြားခဲ့သည်။

စတာမာသည် ပဲရစ်မြို့တော်တွင် ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံများမှ ခေါင်းဆောင် များနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုအစည်းအဝေးသို့ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများကို ကိုယ်စားပြုသည့် ဥရောပကောင်စီ အကြီးအကဲ အန်တိုနီယို ကော်စတာ (Antonio Costa) ၊ ဥရောပသမဂ္ဂအကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) နှင့် နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရူတီ (Mark Rutte) တို့လည်း တက်ရောက်မည်ဖြစ်သည်။

Source: South China Morning Post