CNI International Article
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၃
ဂျာမနီနိုင်ငံတွင် ပြုလုပ်ခဲ့သည့် မြူးနစ်လုံခြုံရေးညီလာခံ၏ ပထမနေ့တွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် (J.D. Vance) ၏ မိန့်ခွန်းကို ဥရောပမဟာမိတ်များက စိတ်ရှုပ်ထွေးမှု၊ စိတ်ပျက်မှုနှင့် စိုးရိမ်မှုရှိခဲ့ကြောင်း ပြသခဲ့ကြသည်။
ဗန့်စ်သည် ယူကရိန်းနှင့်ပတ်သက်သည့် တိကျသော မူဝါဒများကို အနည်းငယ်မျှသာ ပြောကြားခဲ့ခြင်းဖြစ်သည်။
သူသည် ယူကရိန်းအရေးထက် ဥရောပတွင် ဒီမိုကရေစီ တည်ဆောက်ရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ရန်နှင့် ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရေးတို့ကို ဥရောပခေါင်းဆောင်များအား အထက်စီးမှ ပြောဆိုခဲ့သည်။
အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ ဥရောပခေါင်းဆောင်များကိုတွေ့ရစဉ်
ဥရောပခေါင်းဆောင်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ထိတ်လန့်ဖွယ်မူဝါဒ အပြောင်းအလဲကြောင့် ဂယက် ရိုက်ခတ်မှုများအတွက် အသင့်ပြင်ထားကြသည်။
ဗန့်စ်၏ မိန့်ခွန်းသည် ထရမ့်၏ နိုင်ငံရေး အခြေခံကိုသာမက ဥရောပ၏ လက်ယာယိမ်း အင်အားစုများအတွက် လည်း ရည်ရွယ်ခဲ့သည်။
ထိုကြောင့် လာမည့် ဂျာမနီရွေးကောက်ပွဲတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ဖွယ် ရှိနေသည်ဟု ကျွမ်းကျင် သူများက ယူဆနေကြသည်။
အမေရိကန်အပေါ် ထားရှိသည့် ဥရောပ၏ သဘောထားလည်း ပြောင်းလဲဖွယ်ရှိသဖြင့် အတ္တလန္တိတ် ဖြတ်ကျော် ဆက်ဆံရေးကို မရေမရာဖြစ်စေခဲ့သည်။။
အမေရိကန်နှင့် ဥရောပနိုင်ငံ အများအပြားသည် မဟာမိတ်အဖြစ် ဆက်ရှိနေမည် ဆိုသည့်တိုင် ဥရောပသည် ထရမ့် လက်ထက်တွင် အမေရိကန်၏ မူဝါဒအသစ်များကို မေးခွန်းထုတ်လာကြသည်။
သို့ဆိုလျှင် ထိုအခြေအနေသည် အမေရိကန် ပြည်တွင်းနိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒတွင် အခြေခံ စံနမူနာ အပြောင်းအလဲတစ်ခု ဖြစ်လာစေနိုင်သည်။
လက်တွေ့ကျသည့် ရှုထောင့်မှကြည့်လျှင် ရုရှား-ယူကရိန်း စစ်ပွဲကို အမေရိကန်နှင့် ဥရောပတို့က တုန့်ပြန်ပုံများ သည် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးအတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခုဖြစ်သည်။
အမေရိကန်၊ ရုရှား၊ ယူကရိန်းနှင့် ဥရောပနိုင်ငံ အသီးသီးတွင် ကွဲပြားသော သဘောထားများနှင့် မဟာဗျူဟာ ရည်မှန်းချက်များရှိသည်။
အမေရိကန်သည် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန်၊ ယူကရိန်းအတွက် အကူအညီများ လျှော့ချရန်နှင့် ဥရောပကို လုံခြုံရေး တာဝန်ပိုယူရန် တွန်းအားပေး လုပ်ဆောင်နေသည်။
ရုရှားသည် ၎င်း၏ ပထဝီဝင် နိုင်ငံရေး၊ လုံခြုံရေး၊ နေတိုး၏ အင်အားချဲ့ထွင်မှုနှင့် ၎င်း၏ အကျိုးစီးပွားများကို ထိခိုက်စေသည့် ပိတ်ဆို့မှုများ လျော့ပါးသက်သာစေရန် အာရုံစိုက်ဖွယ်ရှိသည်။
ယူကရိန်သမ္မတ ဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ယူကရိန်း၏ ဦးစားပေးကိစ္စမှာ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန်နှင့် အမျိုးသားလုံခြုံရေးကို သေချာစေရန်ဖြစ်ပြီး အမေရိကန်က ၎င်း၏ဗျူဟာကို ပြင်ဆင်နေချိန်တွင် ယူကရိန်းဘက်မှ လိုက်လျော ပေးရဖွယ်ရှိသည်။
တစ်ချိန်တည်းမှာပင် ဥရောပတိုက်အတွင်း ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ပြည်တွင်းရေး သဘောထား ကွဲလွဲမှုများ ရှိနေသည်။
အမေရိကန်-ရုရှား ဆွေးနွေးပွဲသည် ဥရောပ၏ အကျိုးစီးပွားကို ထိခိုက်လာစေနိုင်သည့် အခြေအနေအပေါ် ဥရောပခေါင်းဆောင် အများအပြားက စိုးရိမ်နေကြသည်။
ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ထရမ့်၏ “အမေရိကန် ပထမ” (“America first”) ချဉ်းကပ်မှုသည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥရောပကို ပိုမိုစည်းလုံးညီညွတ်မှုဆီသို့ ဦးတည်သွားစေနိုင်သည်။
သို့သော်လည်း အချို့ဥရောပနိုင်ငံများတွင် အချိန်တိုအတွင်း ကာကွယ်ရေးကဏ္ဍကို တိုးမြှင့်နိုင်စွမ်းမရှိသဖြင့် ယူကရိန်းအတွက် ထရမ့်က ကြားဝင်ဆောင်ရွက်ပေးသော ငြိမ်းချမ်းရေးအစီအစဉ်ကို ဥရောပက လက်မခံချင် သော်လည်း လက်ခံရဖွယ်ရှိသည်။
ပဋိပက္ခများ ပိုပြီး အရှိန်မြင့် မလာမီအချိန်မှာပင် ထာဝရငြိမ်းချမ်းရေး ရရှိရန် အချိန်ယူလုပ်ဆောင်ရမည် ဖြစ်ပါသည်။
အကယ်၍ ငြိမ်းချမ်းရေး အဆိုပြုချက်များကို လက်ခံရန် ဥရောပကို အမေရိကန်က ဖိအားပေးခဲ့မည်ဆိုပါက အမေရိကန်အနေဖြင့် ဥရောပနှင့် လုံခြုံရေး၊ စီးပွားရေး အစရှိသည့် အရေးကိစ္စများအတွက် ဆက်ဆံရေးပုံစံ အသစ်ကို ဖော်ဆောင်ရန် လိုအပ်သည်။
ဥရောပလွှတ်တော်ကိုတွေ့ရစဉ်
အကယ်၍ အမေရိကန်နှင့် ရုရှားသည် ရေရှည်တွင် ယေဘုယျကျသည့် အချို့ကို ရှာတွေ့နိုင်ပြီး ဥရောပနိုင်ငံ များကလည်း ဥရောပတိုက်၏ လုံခြုံရေးမူဘောင်ကို ပြန်လည်ပြင်ဆင်ရာတွင် ပါဝင်နေမည်ဆိုပါက စစ်ပွဲကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။
လက်တွေ့ကျသော ရှုထောင့်မှကြည့်လျှင် ရှည်လျားသော ပဋိပက္ခသည် ဥရောပနှင့် ရုရှား အတွက်သာမက ယူကရိန်းအတွက် ဆိုးကျိုးများသာ ဖြစ်စေမည်ဖြစ်သည်။
ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းသည်သာ အားလုံး၏ အကျိုးစီးပွားအတွက် ကောင်းမွန်စေမည်ဖြစ်သည်။
သို့သော်လည်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို အနှောင့်အယှက်ဖြစ်စေမည့် အဓိကအချက် ၄ ချက်ရှိသည်။
ပထမအချက်မှာ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင် ဖြစ်လိုသည့် ရည်ရွယ်ချက်ကို စွန့်လွှတ်ရန်နှင့် ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်း၏ နယ်မြေများကို ရုရှားအား ပေးအပ်ရမည့် အချက်ဖြစ်သည်။ ထိုအချက်ကို ယူကရိန်းက လက်ခံရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။
ယူကရိန်းကို လိုက်လျောရန် အမေရိကန်က ဖိအားပေးခဲ့မည်ဆိုသည့်တိုင် အဆိုပါ အခြေခံကွဲလွဲမှုများကို ဖြေရှင်းနိုင်ခြင်း ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။
ဒုတိယအချက်မှာ အမေရိကန်၏ ဖိအားပေးမှုများ ရှိနေသော်လည်း ဥရောပနိုင်ငံများသည် အမေရိကန်နှင့် အပြည့်အဝ လိုက်လျောညီထွေရှိရန် မသေချာသေးပေ။
တတိယအချက်မှာ ခေါင်းဆောင်အချင်းချင်း တိုက်ရိုက်ထိတွေ့ ဆက်ဆံသည့် သံတမန် ဆက်ဆံရေးနှင့် ညှိနှိုင်း မှုများအတွင်း အမေရိကန်၏ ရပ်တည်ချက်သည် အချိန်မရွေး ပြောင်းလဲသွားနိုင်ခြင်းဖြစ်သည်။
စတုတ္ထအချက်မှာ ဥရောပနိုင်ငံများစွာရှိ လူထု၏ အမြင်သည် ယူကရိန်းအပေါ် အလွန်စာနာ သနားနေခြင်း ဖြစ်သည်။
ထို့ကြောင့် ထရမ့် အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ချင်သည်ဆိုပါက ဥရောပနိုင်ငံများ၏ သဘောတူညီချက်ကိုလည်း ရရှိရန် လိုအပ်လှပေသည်။
Source: South China Morning Post