CNI International Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မကြာသေးမီက ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၁ ချက်ပါ အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ ပြန်လွှတ်ပေး ရေးနှင့် ပါလက်စတိုင်းနိုင်ငံ ဖော်ဆောင်ရေး အလားအလာတို့ကို ထည့်သွင်းရေးဆွဲခဲ့သည်။

ထရမ့်သည် အိမ်ဖြူတော်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)  နှင့်အတူ ရပ်ပြီး "စစ်ပွဲ အဆုံးသတ်ရန် အလွန်နီးကပ်နေပြီ" ဟု ကြွေးကြော်ခဲ့ပြီး ထိုစစ်ပွဲ အဆုံးသတ်သည့်နေ့သည် "ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့" ဟု ကြေညာခဲ့သည်။

ယခင် အမေရိကန်သမ္မတများ လက်ထက်ကလည်း အရှေ့အလယ်ပိုင်း အရေးနှင့်ပတ်သက်ပြီး Oslo Accords ၊ the Road Map နှင့် the Annapolis Conference ကဲ့သို့ ညီလာခံများ၊ သဘောတူညီမှုများ ရှိခဲ့ဖူးပြီး ထရမ့်၏ ပထမ သက်တမ်းတွင်လည်း ၎င်း၏ ကိုယ်ပိုင် အစီအစဉ်ဖြစ်သည့် Deal of the Century ငြိမ်းချမ်းရေး အစီအစဉ် ရှိခဲ့ဖူးသည်။

အချိန်တိုင်းမှာပင် အမေရိကန်သမ္မတများက ချော့တစ်ချီ၊ ခြောက်တစ်လှည့် နည်းဗျူဟာသည် မှန်ကန်သည့် ရွေးချယ်မှုဟု ယူဆခဲ့ကြသည်။

အမေရိကန်သမ္မတ တစ်ဦး၏ ဩဇာတိက္ကမနှင့် ဒေသတွင်း မဟာမိတ်အင်အား လုံလောက်မှုတို့ကို ထိုနည်းဗျူဟာ နှင့် ပေါင်းစပ်ပြီး နယ်နိမိတ်နှင့် အမျိုးသားရေး ပဋိပက္ခတို့ကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားကြသည်။

ထရမ့်သည် ၎င်း၏ အစီအစဉ်ကို ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့မှ ခေါင်းဆောင်များအား တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်းသည် အမေရိကန်၏ စိတ်ကူးယဉ်ဆန်မှုကို ထင်ဟပ်စေခဲ့သည်။

စစ်ပွဲကြောင့် ပျက်စီးနေတဲ့ ဂါဇာဒေသကို တွေ့ရစဉ်

အမေရိကန်၏ စိတ်ကူးယဉ်ဆန်သည့် အချက်မှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အာရပ်၊ မွတ်ဆလင်နိုင်ငံများကြား သဘောထားချင်း တူညီမှုရှိနေသည်ဆိုသည့် အချက်ဖြစ်သည်။ 

သို့သော် လက်တွေ့မှာ ပိုမိုရှုပ်ထွေးနေသည်။

ထိုဒေသတွင်း နိုင်ငံများတွင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများရှိပြီး အမေရိကန်၏ ရည်မှန်းချက်များအတိုင်း အလိုက်သင့် လိုက်ပါဖွယ်မရှိပေ။

ပင်လယ်ကွေ့နိုင်ငံများက အစ္စရေးနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်လည် ထူထောင်လိုကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် သတ်မှတ်ချက်များ၊ အချိန်ဇယားများအတိုင်းသာ ဆက်ဆံရေး ထူထောင်ချင်ကြသည်။

တူရကီသမ္မတ အာဒိုဂန် (Erdogan) သည် ပြည်တွင်းနိုင်ငံရေး ထောက်ခံမှု ရရှိရန်အတွက် ပါလက်စတိုင်း အရေးတွင် ၎င်း၏ ခိုင်မာအားကောင်းသည့် ခေါင်းဆောင်မှုကဏ္ဍကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်သည်။

အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့က ၎င်းတို့၏ နယ်စပ်ဒေသများ တည်ငြိမ်ရေးကို လိုလားသော်လည်း ဂါဇာဒေသ အုပ်ချုပ်ရေး စနစ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့ကြသည်။

ဂါဇာဒေသ အုပ်ချုပ်ရေး အစီအစဉ်သည် ထရမ့်၏ အဆိုပြုချက်ထဲတွင် ပါဝင်သည်။ ထိုအစီအစဉ်ကို ဟားမာ့စ် အုပ်ချုပ်မှုအလွန် ဂါဇာဒေသဟုလည်း ခေါ်သည်။

 အမေရိကန်သမ္မတတွေဖြစ်တဲ့ ဘိုင်ဒန်၊ ထရမ့်နဲ့ နေတန်ယာဟုကို တွေ့ရစဉ် 

သို့သော် ထိုအစီအစဉ်သည် ဂါဇာတွင် ဟားမာ့စ်အဖွဲ့သည် စစ်ရေးအရ ရှုံးနိမ့်ပြီး  နိုင်ငံရေးအရ ခေါင်းမထောင် နိုင်တော့သည့် အခြေအနေမှသာ ဖြစ်လာနိုင်သည်။

အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး အရှိန်မြှင့်ခဲ့ပြီးနောက် ၁ နှစ်နီးပါး ကြာမြင့်ခဲ့သည့်တိုင် ဟားမာ့စ်အဖွဲ့သည် ဂါဇာ ဒေသ၏ အသိုင်းအဝိုင်းအတွင်း အမှတ်တံဆိပ် တစ်ခုအဖြစ် စွဲထင် ကျန်ရစ်နေဆဲဖြစ်ပြီး စစ်ရေးစွမ်းဆောင် ရမည်ကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ခေါင်းဆောင်မှု ဖွဲ့စည်းပုံမှာ လျော့ရဲနေသော်လည်း ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်တွင် ယူဆ ထားသကဲ့သို့ ဟားမာ့စ်တို့၏ အတွေးအခေါ်နှင့် တော်လှန်ရေး ကွန်ရက်များ ပျောက်ကွယ် သွားလိမ့်မည် မဟုတ် ပေ။

နောက်ထပ် တစ်ချက်မှာ ဂါဇာတွင် ဟားမာ့စ်တို့ ဖယ်ရှားခံခဲ့ရမည်ဆိုပါက ၎င်းတို့နေရာတွင် မည်သူကို အစားထိုး မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။

ဟားမာ့စ်နှင့် စင်ပြိုင်ဖြစ်သည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestinian Authority) သည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသကိုသာ လွှမ်းမိုးထားပြီး ဂါဇာဒေသခံများကိုမူ လွှမ်းမိုးနိုင်ခြင်းမရှိပေ။

သို့မဟုတ်ပါက မည်သည့်နိုင်ငံကမှ စေလွှတ်လိုခြင်း မရှိသည့် နိုင်ငံတကာတပ်ဖွဲ့ကို ဂါဇာတွင် ဖြန့်ကြက်ချထား မည်လော။ ထိုတပ်ဖွဲ့များကိုရော အာရပ်နိုင်ငံများက ခွင့်ပြုမည်လော၊ အစရှိသည့် မေးခွန်းများလည်း ထွက်ပေါ် နေဆဲဖြစ်သည်။

ထရမ့်၏ အစီအစဉ်ထဲတွင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပါရှိသော်လည်း အသေးစိတ် အချက်အလက်များ မပါရှိပေ။ ထို့ကြောင့် ထိုအစီအစဉ်သည် နှောင့်နှေးကြန့်ကြာနိုင်သည်။

လက်ရှိ အစ္စရေးအစိုးရကမူ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည် မဟုတ်ဘဲ ပြင်းထန်စွာ ကန့်ကွက် နေသည်။

တစ်ချိန်က နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အိုင်ဒီယာသည် ရေပန်းစားခဲ့သော်လည်း လက်ရှိတွင် မြေပြင်မှ အရှိတရားများနှင့် ဝေးကွာနေဆဲဖြစ်သည်။

အနောက်ဘက်ကမ်း ဒေသတွင် အစ္စရေး၏ လူနေရပ်ကွက် တိုးချဲ့မှုများက ပါလက်စတိုင်း ခေါင်းဆောင်များကို သဘောထား ကွဲလွဲစေခဲ့ကာ နှစ်ဖက်စလုံး၌ အစွန်းရောက်မှုများကို မြင့်တက်စေခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထရမ့်၏ အစီအစဉ်ကို ထောက်ခံနေခြင်းမှာ စိုးရိမ်စရာ ကောင်းလှသည်။

ဂါဇာမြေပုံနဲ့ ‌ဒေါ်နယ်ထရမ့်၊ နေတန်ယာဟုကို တွေ့ရစဉ်

နေတန်ယာဟုသည် ၎င်း၏ နိုင်ငံရေးသမား သက်တမ်းတစ်လျှောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် ခဲ့သော်လည်း အပြောင်းအလဲ အနည်းငယ်သာ ဆောင်ကြဉ်းနိုင်ခဲ့သည်။

ထို့ကြောင့် သူသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အလားအလာနှင့်ပတ်သက်သည့် ထရမ့်၏ အစီအစဉ်သည် အကောင်အထည် ပေါ်လာနိုင်ခြင်း မရှိကြောင်း ယူဆပြီး ဟန်ပြ ထောက်ခံနေခြင်းလည်း ဖြစ်နိုင်သည်။

ထရမ့်၏ ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် သဘောထားမှာ စီးပွားရေး သမားတစ်ဦး၏ ရှုထောင့်ကို ပေါ်လွင်စေခဲ့ သည်။

မှန်ကန်သင့်တော်သူ တစ်ယောက်ကို မှန်ကန်သည့် ကမ်းလှမ်းမှုများ ပေးနိုင်မည်ဆိုပါက မည်သည့် ပြဿနာကို မဆို ဖြေရှင်းနိုင်လိမ့်မည်ဟု ထရမ့်က ယူဆထားသည်။

သို့သော် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် စီးပွားရေး သဘောတူညီချက်တစ်ခု မဟုတ်ပေ။ 

မြေယာ၊ အထောက်အထား၊ လုံခြုံရေးနှင့် အမျိုးသားရေး အခွင့်အရေးတို့အတွက် ကာလကြာရှည်စွာ ရုန်းကန် နေရသည့် ပြသနာတစ်ခုဖြစ်သည်။

ထို့ကြောင့် သေချာပေါက်နီးပါး ကျရှုံးမည့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များကို ဖန်တီးခြင်းဖြင့် ထရမ့်၏ အစီအစဉ် သည် အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။

အောင်မြင်မှု မရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အယုံအကြည် ကင်းမဲ့မှုကို မြင့်တက်စေပြီး သဘောထား တင်းမာသူများကို အားကောင်းစေကာ အနာဂတ် သံခင်းတမန်ခင်း ဆက်ဆံရေးကို ပိုမိုခက်ခဲစေလိမ့်မည် ဖြစ် သည်။

ဂါဇာစစ်ပွဲသည် ကြီးမားသောဒုက္ခများ ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို အရေးပေါ် လိုအပ်နေ ချိန်တွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် လက်တွေ့ကျသင့်သည်။

အမေရိကန်၏ အစီအစဉ်တစ်ခုတည်းက ပဋိပက္ခကို ချက်ချင်း အဖြေရှာ နိုင်လိမ့်မယ်ဆိုသည့် ယုံကြည်ချက်မျိုးကို တစ်ဖက်သတ် ဆွဲကိုင်ထားနိုင်မည်မဟုတ်ပေ။

ထရမ့်ကတော့ ဂါဇာစစ်ပွဲ ပြီးကာနီးပြီဟု ပြောဆိုနေသည်။ သို့သော် သူသည် ယခင်ကလည်း ထိုစကားမျိုးကို မကြာခဏ ပြောဆိုခဲ့ဖူးသည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် အတိတ်ကာလမှ ကျရှုံးမှုများကို သင်ခန်းစာယူပြီး ရိုးရှင်းသော ရည်မှန်းချက်များ မချမှတ်ပါက စိတ်ပျက်စရာ ရလဒ်များနှင့်အတူ သံသရာ လည်နေဦးမည်ဖြစ်ပေသည်။

Source: Asia Times