CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိသော ကွတ်ခိုင်မြို့သည် အကျိုးစီးပွားအရ အရေးပါသောကြောင့် TNLA နှင့် MNDAA တို့ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပေါ်လာကာ ထိန်းချုပ် နိုင်ရေး ကြိုးပမ်းလာခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
TNLA နှင့် MNDAA သည် ထိန်းချုပ်သည့် နယ်မြေများလေ အကျိုးစီးပွား များလေဆိုသည့် အနေအထားရှိသည့် အတွက် နယ်မြေလုကြမည်ဟု ၎င်းက ပြောသည်။
ဦးထက်အောင်ကျော်က “ဒါကတော့ လက်နက်ကိုင်အကုန်လုံးပေါ့နော်။ လက်နက်ကိုင် အကုန်လုံးကတော့ နယ်မြေကျယ်ကျယ် ပြန့်ပြန့် ရနိုင်လေကောင်းလေပေါ့။ ဥပမာ ကွတ်ခိုင်ဆိုလို့ရှိရင် ရှေ့မှာတုန်းက TNLA ထိန်း ချုပ်တယ်၊ အကျိုးစီးပွား ကိုပဲ အဓိကထားတာကို။ MNDAA ပြန်ထိန်းချုပ်တယ် ဆိုလို့ရှိရင်လည်း အဲဒီပြဿနာ တွေက လာနေအုံးမှာပဲ။ ရှမ်းမြောက်ကတော့ ရှုပ်သထက်တော့ ရှုပ်လာမယ်ပေါ့လေ။ ဘယ်လိုပုံစံမျိုးနဲ့ အစိုးရ ဘက်ကရော ဘယ်လို ပုံစံ မျိုးနဲ့ ဒီဥစ္စာကို ထိန်သိမ်းမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အခုချိန်ထိက အစိုးရဘက် ကလည်း ဒီလာရှိုးတစ်ခုပဲ ယူထားပြီးတော့မှ ကျန်တဲ့ဟာတွေကို ဘာမှဒါသိပ်ပြီးတော့မှ မလုပ်ဘူးဆိုတဲ့ အခါကြ တော့ သူတို့ရဲ့နောက်ကွယ် က ညှိနှိုင်းထားမှုတွေက ဘယ်လိုတွေရှိသလဲ ဆိုတာလည်း မသိတဲ့အခါကျတော့လေ ဘာတွေ ပြောထားသလဲပေါ့ နော်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေကို နဂိုရှိရင်းစွဲအတိုင်းပဲ ဖြစ်အောင် လုပ်ပြီး တော့မှ ကျန်တဲ့ဟာတွေ အစိုးရ လက်အောက်ထဲကို ပြန်ရောက်အောင် ပြန်တိုက်မှာလား၊ မတိုက်မှာလား ဘာမှလဲ ရှင်းရှင်းလင်းလင်း မရှိတဲ့အခါ ကြတော့ ပြောရတော့ ခက်တာပေါ့နော်။ အခုဖြစ်တဲ့ နေရာတွေက ပြောရမယ်ဟေ့ ဆိုရင် ဒါပြည်ထောင်စုလမ်းမ ကြီးပေါ့နော်။ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံကလည်း တကယ်ကို အကြီးဆုံး နေရာလို့ ပြောရမှာကို ဒီလမ်းကြောင်းက ဆိုတဲ့အခါကြတော့ ဒီလမ်းကြောင်းကို ထိန်းချုပ်နိုင်တယ်ဆိုရင် တစ်စိတ်တစ် ဒေသ ထိန်းချုပ်နိုင်တယ်ဆိုရင် ဆိုသလောက် ဒီအပေါ်မှာ အကျိုးအမြတ်က အများကြီးရှိမှာပဲလေ။ အဲဒီ အတွက် ကြောင့်မို့လိုက ဒီလမ်းကြောင်း ကြီး တစ်ခုလုံးကို ဘယ်လောက် ထိန်းချုပ်နိုင်သလဲဆိုတဲ့ဟာကို မူတည်ပြီးတော့မှ သူတို့တွေက တိုက်နေတာပေါ့ အကျိုးစီးပွားကတော့ နောက်မှာ အကြီးကြီးရှိတာပေါ့”ဟု ပြောသည်။

ကွတ်ခိုင်မြို့ထဲမှာ MNDAA နဲ့ TNLA တပ်ဖွဲ့ကို တွေ့ရစဉ်(မြန်မာ့နောင်း)
လက်ရှိတွင် MNDAA က TNLA ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ကွတ်ခိုက်မြို့ကို ထိန်းချုပ်ထားပြီး နမ့်ခမ်းမြို့ ကို ထိန်းချုပ်နိုင်ရေးအတွက် MNDAA က TNLA အား ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိနေသည်။
သို့သော် နှစ်ဖက် ခေါင်းဆောင်များ စစ်ပွဲအရှိန် မြင့်မား မလာစေရေးအတွက် တွေ့ဆုံ ဆွေးနွေးကြရန် ကြိုးပမ်းနေ ကြသည်။
တိုင်ရင်းသားအချင်းချင်း တိုက်ခိုက်နေသည်က တော်လှန်ရေးကို အထိနာစေကြောင်း၊ ယခုလို အချိန်တွင် နိုင်ငံတကာ၏အမြင် တိမ်းစောင်းမှုများ ရှိလာနိုင်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုင်ရင်းသား အချင်းချင်း ပြန်ပြီးမှ ထိုးစစ်ဆင် တိုက်ခိုက်နေတာကလည်း ကျမတို့ တော်လှန်ရေးကို အရမ်းကို အထိနာတယ်ပေါ့နော်။ အဲဒါ ကြောင့် ဒီလိုမျိုး အနေအထားမျိုးမှာ ကျမတို့ တိုင်းရင်းသား အချင်းချင်း ညီညွတ်မှုတွေ၊ ဘာတွေ ပြသတာက တော့ ဒီနိုင်ငံတကာ ပံ့ပိုးမှုတွေရော၊ တခြားအလှူရှင် ပံ့ပိုးမှုတွေရော၊ ကျမတို့ ဒီတော်လှန်ရေး ပံ့ပိုးမှုတွေ အများကြီး အားနည်းစေမယ်ပေါ့နော်။ အားနည်းစေမယ့်အပြင် တိုင်းရင်းသား အချင်း ချင်း ဒီပြရုပ်ကြီးက အရမ်းကို ဖိအား ရှိမယ်ပေါ့နော်။ ဒါကြောင့် ဒီလက်နက်နဲ့ မဖြေရှင်းဘဲ ဆွေးနွေးမှု၊ ညှိနှိုင်းမှု တွေနဲ့ ခေါင်းဆောင်အချင်းချင်း ဖြေရှင်းသွားမယ်ဆိုရင်တော့ ဒါသည် အကောင်းဆုံး နည်းလမ်းဖြစ်မယ်လို့ ယုံကြည်ပါသည်ပေါ့။ တစ်ဖက်ဖက်က ဒါသည် ကြိုတင်ပြင်ဆင်ထားတဲ့ အနေအထားမျိုး ရှိတယ်လို့တော့ မြင် တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒါ နှစ်ဖက်ကြားမှာက ဘယ်လိုမှ ဒီစေ့စပ်ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေ လုံးဝ မရှိတဲ့ အနေအထားမျိုးမှာဖြစ်တော့ ကိုးကန့်ဘက်ကလည်း သူဘက်က တပြိုင်ထဲမှာ စစ်မျက်နှာစာ ဒီလိုမျိုး လေးငါးနေရာ ဖွင့်တယ်ပေါ့နော်။ ဥပမာ ကွတ်ခိုင်မြို့မှာ ဆိုရင်လည်း ကျေးရွာကနေပြီးမှ စစ်အင်အားတွေ ကြို ထုတ် ပြင်ဆင်ပြီးမှ စုဆောင်းတဲ့ဟာတွေ စစ်လက်နက်တွေ ကြိုတင်စုဆောင်းပြီးတော့၊ စစ်လမ်းကြောင်း အသီးသီး ဝင်တဲ့ဟာတွေ၊ ၁၀၅ မိုင်မှာ ကိုးကန့်တွေဘက်က တပြိုင်တည်း ဖမ်းဆီးမှုတွေ တပြိုင်တည်း လုပ်နေတဲ့ ဟာကတော့ သူတို့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့တဲ့ဟာတွေလည်း ရှိတယ်”ဟု ပြောသည်။

ကွတ်ခိုင်နဲ့နမ့်ဖတ်ကာ လမ်းပိုင်းပေါ်က တိုးဂိတ်ကို တွေ့ရစဉ်
ကွတ်ခိုင်မြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည့် အတွက် အလွန် အရေးပါသော နေရာဖြစ်သလို နမ့်ခမ်းမြို့သည်လည်း TNLA အတွက် တစ်ခုတည်းသော နယ်စပ် ကုန်သွယ်ရေး တစ်ခုဖြစ်၍ အလွန်အရေးပါသော နေရာဖြစ်နေသည်။
တရုတ်အစိုးရ ပြည်ထောင်စုလမ်းမကြီး ပြန်လည်ဖွင့်လှစ်ရန် ဆန္ဒရှိနေသော်လည်း ထိုလမ်းကြောင်းပေါ်ရှိ လက်နက်ကိုင်များအားလုံး မရှိမှ ပြည်ထောင်စုလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်မည်ဟု မြန်မာ့တပ်မတော်က ရပ်တည်ထားသည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် MNDAA ကြားလည်းကောင်း၊ တရုတ်အစိုးရနှင့် MNDAA ကြားလည်းကောင်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသည်။
တခြား တစ်ဖက်မှာလည်း MNDAA သည် မူဆယ်-လားရှိုး- မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာ တွင် KIA ၏ ဂိတ်စခန်းကိုလည်း ဖယ်ရှားပေးရန် ပြောကြားလာ၍ နှစ်ဖက် တင်းမာလျက်ရှိနေသည်။
