CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်း တစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အတွက် အစိုးရသစ်တစ်ရပ်အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သင့်သလဲဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူ များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား သုံးသပ်မှုများရှိနေကြသည်။ 

တက်လာမည့် အစိုးရအနေဖြင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းများမှတဆင့် အလုပ်အကိုင်များကို ဖန်တီးပေးရန်လိုအပ်ကြောင်း၊ ကုန်စျေးနှုန်းနှင့် ညီမျှသည့် လုပ်ခလစာ ကိုလည်း အစိုးရအနေဖြင့် သတ်မှတ်ပေးသင့်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၄င်းက “အဲဒါနဲ့ တစ်ခါတည်း ငြိမ်းချမ်းရေးကိုလုပ်ရင်းနဲ့ပဲ နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့်ရှိအောင်တော့ အစိုးရအနေနဲ့ ဖန်တီးပေးရမယ်လို့ ကျနော်အနေနဲ့မြင်တယ်။ အစိုးရတစ်ရပ်ပေါ်လာပြီဆိုရင်တော့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေလည်း ၀င်လာပါလိမ့်မယ်။ အဲဒါမျိုးတွေလည်း များများ ဖိတ်ခေါ်ပေးဖို့ လိုပါတယ်။ နိုင်ငံသူ၊ နိုင်ငံသား အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေးအတွက်ကတော့ ဒီကုမ္ပဏီတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေရော အလုပ်တွေ များများ အစိုးရကနေ ဖန်တီးပေးဖို့တော့လိုအပ်တယ်လို့မြင်တယ်။ စီးပွားရေးလုပ်ငန်းတွေများများ၊ ပုဂ္ဂလိကတွေ များများ ဖွင့်ပေးရမယ်။ အဲဒီအခါကျရင် ပြည်‌သူတွေဟာ အလုပ်လုပ်ပိုင်ခွင့်တွေရလာခဲ့ရင် (ပြည်သူ့) ဒီအခက်အခဲတွေ‌ ပြေလည်သွားပါလိမ့်မယ်။ အခုလုပ်ခလစာဆိုရင်လည်း ကျနော်တို့အနေနဲ့ သတ်မှတ်ထားတာ အခုလုပ်ခလစာဆိုရင် ၆၈၀၀ အစိုးရသတ်မှတ်ထားတယ်။ ဒီ ၆၈၀၀ ရရုံနဲ့ ဒီနေ့အချိန်မှာ ပြောမယ်ဆို စားဖို့တောင် မလုံလောက်တဲ့ အဆင့်ကိုပေါ့နော်။ ဒီကုန်ဈေးနှုန်းနဲ့ ညီမျှတဲ့ လုပ်ခလစာကိုလည်း အစိုးရကနေ သတ်မှတ် ပေးရမယ်။ အခုအခြေအနေဆိုရင်ဝော့ာ ဒီခေတ်ဒီအခါဈေးနဲ့ဆိုရင် တစ်ဦးရဲ့လုပ်ခက အနည်းဆုံး ၁၅၀၀၀ လောက်ရမှသာ သူ့အတွက်ကို ၀မ်းစာဖူလုံတဲ့အဆင့်ကိုရောက်ပါတယ်။ အဲဒီထက် ကျော်လွန်တဲ့ နှုန်းထားတွေလည်း ရှိရပါလိမ့်မယ်။ ကုန်ဈေးနှုန်းမတက်အောင်လည်း ကျနော်တို့ ထိန်းသိမ်းရမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးပေးရမယ်။ အလုပ်တွေများများလုပ်ကြပြီဆိုရင်တော့ ပြည်သူရဲ့ စီးပွားရေးတွေ ပြေလည်လာပါလိမ့်မယ်။ အခုက အလုပ်လုပ်ချင်ပေမယ့် အလုပ်လုပ်ခွင့်မရှိတဲ့ ပြည်သူတွေ အများစုဖြစ်နေတဲ့အခါကျတော့ နိုင်ငံခြားထွက်တာတွေရှိတယ်။ ပြည်တွင်းမှာလည်း အလုပ်မရှိတဲ့အခါကျတော့ ပြည်သူတွေက ၀င်ငွေမရှိကြတဲ့ အဆင့်ကို ရောက်နေကြတာပေါ့နော်။ အဲဒီအတွက်ကြောင့် နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့် ရှိမယ်ဆိုရင်တော့ တိုင်းပြည်စီးပွားရေးလဲကောင်းလာမယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများကို တွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံသားတိုင်း တစ်ဦးချင်း အလုပ်လုပ်မှသာ တစ်ဦးချင်းဝင်ငွေတိုးတက်လာပြီး နိုင်ငံ့ဝင်ငွေများ တိုးတက်လာမှာဖြစ်သည်ဟု ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

၄င်းက “လုပ်ငန်းဆောင်ရွက်မှုများအား ကြိုးပမ်းမြှင့်တင်မှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဆိုပါက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရည်မှန်းချက် ‌ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံသားတိုင်း တစ်ဦးချင်း အမှန်တကယ် အလုပ်လုပ်မှသာလျှင် တစ်ဦးချင်းဝင်ငွေများတိုးတက်လာပြီး နိုင်ငံ့ဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက်နေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများရှိမှသာ ဒေသဝမ်းစာဖူလုံမှုကိုဖြစ်စေနိုင်မည်ဖြစ်ပြီး အခြေခံစားကုန်များ၏ စျေးနှုန်းများသည်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းတွင်ရှိနေစေမည်ဖြစ်ကြောင်း” ဟု ပြောသည်။ 

အစိုးရသစ်တစ်ရပ်အနေဖြင့် ပြည်သူများ ဝင်‌ငွေတိုးစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များပြားလာရေး ဆိုသည့် အချက်နှစ်ချက်ကို ပထမဦးဆုံး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်သည်လည်း ယခင်ကထက် ပိုမိုရှားပါးလာကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအားနည်းမှုများ၊ စွမ်းအင်ဖူလုံမှုကဏ္ဍ စသည့် အချက်များကို ဖြေရှင်းပေးရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။ 

မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများကို တွေ့ရစဉ်

၄င်းက “အစိုးရဖြစ်လာပြီဆိုတဲ့ အခါမှာလည်း အစိုးရတစ်ရပ်အနေနဲ့ ဒီနိုင်ငံသူနိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ့။ ၀င်ငွေတိုးဖို့ဆိုတဲ့ အချက်ရယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာဖို့ဆိုတဲ့ အချက်ရယ် ဒီအချက်နှစ်ချက်ကို သူတို့ပထမဆုံး ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အဲဒီတော့ ဒီအချက်နှစ်ချက်ကို သူတို့ ပထမဆုံး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီတော့ ဒီအချက်နှစ်ချက်ကို သူတို့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ဟာကို ကျနော်တို့ ပြန်ပြီးတော့ စဉ်းစားကြည့်ကြပါစို့ဆိုရင် ကျနော်တို့လိုချင်တဲ့ စီးပွားရေးသမားတွေ၊ အလုပ်လုပ်နေတဲ့သူတွေ လိုချင်တဲ့ဟာကတော့ ကျနော်တို့နိုင်ငံမှာ လက်ရှိက တခြားပြည်ပနိုင်ငံတွေနဲ့ နှိုင်းယှဉ်လာပြီဆိုရင် ကျနော်တို့နိုင်ငံမှာ အားနည်းချက်တွေအများကြီးရှိတယ်။ အဓိက,က ဘာ အားနည်းချက်ရှိလဲဆို ကျနော်တို့မှာ လူ့စွမ်းအားအရင်းအမြစ်ပေါ့နော်။ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေအများကြီး ပြည်ပနိုင်ငံတွေမှာထွက်ပြီးတော့ အလုပ်လုပ်နေကြတဲ့ အခြေအနေမျိုးတွေရှိတယ်။ ကျနော်တို့ လမ်းပန်း ဆက်သွယ်ရေး အားနည်းမှုတွေ၊ လျှပ်စစ်‌မီးမရတာတွေ ဒါတွေကို အရင်ဆုံး ဖြေရှင်းပေးဖို့လိုအပ်တယ်။ ဒါတွေ အရင်ဆုံး ဖြေရှင်းပြီးသွားတဲ့အခါကြမှသာ အလုပ်အကိုင် အခွင့်လမ်းအသစ်တွေကို ရှာဖွေပေးနိုင်မှာဖြစ်တယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်ဆိုတာလည်း ပြည်တွင်းမှ ဖော်ထုတ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေထက် ပြည်ပက (Foreign Investment) ၀င်လာဖို့အတွက်ကို ပိုပြီးအစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်ဖို့လိုတယ်။  ဒီလိုတွေ လုပ်ပြီးသွားပြီဆိုတဲ့အခါကြမှ ဒီလို labour တွေ အလုပ်သမားတွေကို လိုအပ်လို့ခေါ်တဲ့အခါ  အလုပ်အကိုင်အခွင့်အလမ်းတွေနေရာတွေ ရလာသလို ၀င်ငွေတွေလည်း ရမှာဖြစ်တယ်။ ဒါမှသာ အခြေခံလူတန်းစားတွေအတွက် ရပ်တည်ဖို့ စီးပွားရေးကလည်း ပြေလည်မှာဖြစ်တယ်” ဟု ပြောသည်။

အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အစဥ်တစိုက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံ့စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သလို စီးပွားရေး ပြန်လည် ဦးမော့အောင်လည်း ကြိုးပမ်း လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံ‌ရေးလေ့လာသူများက ထောက်ပြကြသည်။ 

သို့သော် စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန်တည့်မတ်ရန် လိုအပ်သလို လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း အားလုံးက ထောက်ပြကြသည်။