CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၆

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက နယ်မြေလုံခြုံရေး အခြေအနေအား သေချာစွာ သိရှိထားရန်လိုအပ်သလို အသိမိတ်ဆွေရှိပါက ပို၍ အဆင်ပြေ ကြောင်း ဒေသခံနှင့် သွားရောက် အလုပ်လုပ်ကိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ယခုနောက်ပိုင်းတွင် လောက်ကိုင်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူများ ပေါများလာပြီး အသိမိတ်ဆွေမရှိဘဲ ကုမ္ပဏီများ၏ ချိတ်ဆက်မှုဖြင့် လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက ရောင်းစားခံရမှု အဖြစ်များကြောင်း လောက်ကိုင်ဒေသခံ ကိုညီ(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ ကုမ္ပဏီချိတ်ဆက်မှုဖြစ်ရင် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကုမ္ပဏီဆိုရင်တော့ ကောင်းတာ ပေါ့။ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး သူတို့ဘာသာသူတို့ ချိတ်ဆက်ပြီး လာတယ်ဆိုရင်တော့ လောက်ကိုင်မှာ အဖြစ် အများဆုံးကတော့ ဟိုမှာ ရောင်းစားခံရတာတို့၊ ပြီးတော့ ပြန်ထွက်ဖို့ ခက်ခဲတာတို့၊ လစာမပေးတာတို့ ကြုံတတ်တယ်။ ပြီးရင် အနေကြာတဲ့လူတွေနဲ့ ကိုယ့်ရဲ့အမာခံတွေ ရှိတယ်ဆိုရင်လည်း ကောင်းတာပေါ့။ အဲဒီလိုမှ မရှိဘဲနဲ့ လာတယ်ဆိုရင်တော့ ဒုက္ခရောက်တဲ့လူများတယ်။ ဒါမှမဟုတ် သူတို့လာလုပ်တယ် ဒီကနေ ကိုယ့်ရဲ့ အသိ မဟုတ်ဘူး ကုမ္ပဏီကခေါ်လို့ လာလုပ်တယ်ဆိုရင် သတိထားရမယ့် အချက်တွေက လစာပုံမှန် ဘယ်လိုရမလဲ၊ ဘယ်နှရက်နေ့ လစာထုတ်တာလဲ၊ ကိုယ့်ရဲ့နားရက်က ဘယ်လောက်ရမလဲ တခါတည်း သေသေချာချာလေး ကိုယ့် ဘက်က မေးနိုင်တယ်ဆိုရင်တော့ အဆင်ပြေတယ်။ ပြီးရင် မရေရာ မသေချာဘဲနဲ့လည်း လောက်ကိုင်ကို မတက် လာစေချင်ဘူး။ လောက်ကိုင်မြို့ရဲ့ အခန်းခတွေက တော်တော်ဈေးကြီးတယ်။ ၁၀ ပေပတ်လည် တစ်ခန်းကို တစ်လကို ယွမ် ၂၀၀၀ ဆို ၈ သိန်းလောက်ရှိတယ် ဒါစားစရိတ် မပါသေးဘူး” ဟု ပြောသည်။

လက်ရှိ လောက်ကိုင်မြို့သို့ လာရောက် လုပ်ကိုင်ကြသူထဲတွင် ဗမာလူမျိုး များပြားလာကြောင်းနှင့် နိုင်ငံသား မှတ်ပုံတင်တစ်ခု ရှိရုံဖြင့် လာရောက် အလုပ်လုပ်ကိုင်နိုင်သည့် ဒေသဖြစ်ကြောင်းလည်း သိရသည်။

လောက်ကိုင်မြို့ကို တွေ့ရစဉ်

သို့သော် ဘာသာစကား ကျွမ်းကျင်ပါက ပို၍ အလုပ်အကိုင် ပေါများပြီး ရရှိသည့် လုပ်ခလစာ ဝင်ငွေမှာလည်း ပိုကောင်းကြောင်း ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော် သိရသလောက်ဆိုလို့ရှိရင်တော့ ဒီနယ်မြေ အခြေအနေအရပေါ့နော်။ ပြီးတော့ ဒီဘက်ကလည်း တရုတ်ပြည် border line နဲ့ အရမ်းနီးကပ်နေတဲ့ အတွက်ကြောင့်မို့လို့ အလုပ်အကိုင် အခွင့်အလမ်းတွေကကြ တော့ တရုတ်စကားနဲ့ တရုတ်စာတတ်ရင်တော့ ပိုပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းက လွယ်ကူပါတယ်။ လစာလည်း ပိုများတယ်။ ပြီးတော့ အလုပ်မရှားဘူးပေါ့ အလုပ်ကို ရွေးလို့ရတယ်ပေါ့။ ဒီမှာကြတော့ တော်တော် များများ စီးပွားရေး လုပ်ငန်းရှင်တွေရော ပြီးတော့ လုပ်ကိုင်နေကြတဲ့လူတွေ တော်တော်များများက တရုတ်လူမျိုး တွေ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီမှာကတော့ အဓိက တရုတ်စကား၊ စာပေါ့နော်တတ်လို့ ရှိရင်တော့ ပိုပြီး တော့ အဆင်ပြေပါတယ်။ အလုပ်ကို လုပ်ချင်တဲ့အလုပ် ရွေးလို့ရတာပေါ့။ တကယ်လို့ စကားနဲ့ စာမတတ်ရင်တော့ အလုပ်ကပဲ ပြန်ရွေးရမှာပေါ့။ လက်ရှိ အနေအထားမှာတော့ အောက်ပြည်က (ဗမာတွေပေါ့ ပြောရမယ်ဆိုရင်) အလုပ်သမားတွေက ပိုပြီးတော့ များလာပါတယ်” ဟု ပြောသည်။

သို့သော် လောက်ကိုင်မြို့သည် လက်ရှိ အနေအထားအရ လက်နက်ကိုင် အဖွဲ့အစည်းများကြောင့် ငြိမ်းချမ်းသည့် ဒေသ မဟုတ်သေးသည့်အတွက် နယ်မြေလုံခြုံရေး အခြေအနေအား အမြဲမပြတ် စောင့်ကြည့်ပြီး သတင်းများ နားစွင့်နေကြရန် လိုအပ်ကြောင်းလည်း ဒေသခံနှင့် သွားရောက် အလုပ်လုပ်ကိုင်နေသူတို့က အကြံပြုသည်။

ကိုးကန့်တပ်ဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ်

လောက်ကိုင်မြို့၏ အဓိကစီးပွားရေးသည် ကာစီနိုဖြစ်သောကြောင့် အမျိုးသမီးအများစုသည် ထိုလုပ်ငန်းခွင်၌ လုပ်ကိုင်ကြပြီး ဈေးရောင်းကြသူများလည်းရှိကြောင်း၊ အမျိုးသားများအနေဖြင့် ဆောက်လုပ်ရေးအလုပ်၊ ပြည်သူ့ စစ်၊ လုံခြုံရေးအစောင့် စသည့် အလုပ်အကိုင်များကို လုပ်ကိုင်ကြကြောင်းလည်း ဒေသခံနှင့် သွားရောက် အလုပ် လုပ် ကိုင်နေသူများထံက သိရသည်။

အခြေခံလုပ်ခလစာများမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် တစ်ရက်လျှင် တရုတ်ယွမ်ငွေ ၁၀၀ မှ ၃၀၀ (မြန်မာငွေ လေးသောင်းကျော်မှ တစ်သိန်းကျော်) အထိ ရရှိကာ ကာစီနိုများတွင်မူ တစ်လ လုပ်ခလစာသည် ယွမ်ငွေ ၃၅၀၀၊ ၄၀၀၀ (မြန်မာငွေ ဆယ်သိန်းကျော်) အထိ ရရှိသည့်အတွက်ကြောင့် လာရောက်လုပ်ကိုင်ကြသူ များပြားလာခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

လောက်ကိုင်မြို့ အနီးတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) လှုပ်ရှားလျက်ရှိပြီး လောက်ကိုင်မြို့တွင်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ်အဖွဲ့၊ တပ်မတော်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။