CNI News

၂၀၂၃ ခုနှစ်၊ မေ ၂၇

တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့် တောင်အာဖရိကမှ ပြောင်းများ ၀ယ်ယူခြင်းသည် မြန်မာနိုင်ငံ၏ ပြောင်း စျေးကွက်အတွက် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒု ဥက္ကဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ပြောင်းများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နေရပြီး၊ တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ် ဒေသတွင် ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းအနည်းငယ်ကိုသာ တင်ပို့နေရခြင်း ဖြစ်ရာ တရုတ်စျေးကွက်အတွက် စိုးရိမ်စရာ မလိုကြောင်း သိရသည်။

“တရုတ်နဲ့ အရောင်းအဝယ်က ဘိန်းအစားထိုး ကိုတာ ပေါ့။ နယ်စပ်ဒေသမှာ စိုက်ပျိုးတဲ့ ပြောင်းတွေကို ကိုတာ ဝယ်ယူတဲ့ စနစ်ကလည်း ၁၀ လပိုင်း၊ ၁၁ လပိုင်းလောက်ပဲ ရှိသေးတော့ တရုတ်ကို တိုက်ရိုက်ရောင်းချမှု အားက သိပ်မရှိတဲ့အတွက် သိပ်ပြီးတော့ သက်ရောက်မှု မရှိနိုင်ဘူးပေါ့နော်။ မြန်မာ့ပြောင်းဈေးကွက်ကို ဘာမှ မပြောင်းလဲ နိုင်ဘူး ” ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ အခွန်ကင်းလွတ်ခွင့်ကာလဖြစ်သည့်အတွက် အဓိက တင်ပို့လျက် ရှိနေကြောင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ပြည်တွင်းပြောင်းထွက်ရှိမှု၏ ၅ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။

သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြောင်းကိုလည်း တန်ချိန် အများအပြား ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေ ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ကိုစိုင်းဖြိုးလွင်ဦးက ပြောသည်။

 

“တရုတ်ကို အများကြီး ပို့နေတာ မဟုတ်ဘူး။ တရုတ်ဈေးကွက်က ဈေးမကိုက်သေးတော့၊ ထိုင်းဈေးကွက်ကို မမှီသေးတော့ တရုတ်ကို မပို့နိုင်သေးဘူး။ လက်ရှိကတော့ ကျနော်တို့က ထိုင်းဈေးကွက်ကိုပဲ အားပြုနေတော့ မြဝတီကနေ ထိုင်းသွားတဲ့ ဈေးကွက်ကိုတော့ တစ်ချက် ကြည့်ရမှာပေါ့။ အဲဒီရဲ့ ဈေးနှုန်းကျလာရင်တော့ Impart တစ်ခု ရှိလာမှာပေါ့လေ။ တရုတ်ကတော့ လက်ရှိ အနည်းအကျဉ်းပဲ သွားတာပေါ့လေ။ border ကနေ ဘိန်းအစား ထိုး ကိုတာနဲ့ တန် ၇ သောင်းလောက်တော့ သွားနေတယ်။ အရမ်းနည်းတာပေါ့နော်။ ဒါပေမယ့် မြန်မာပြည်ကို ကမ်းလှမ်းနေတဲ့ အနေအထားတော့ ရှိတယ် တန်ချိန်အများကြီး ဝယ်မယ် ဆိုတာမျိုးတော့ ရှိတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံက ပြောင်းဝယ်ယူရာတွင် ကမ္ဘာ့ပြောင်းဈေးနှုန်းနှင့် တွက်ချက်၍ ဝယ်ယူလျှက်ရှိရာ၊ လက်ရှိ မြန်မာ့ ပြောင်းဈေးနှုန်းသည် ကမ္ဘာ့ပြောင်းဈေးနှုန်းထက် မြင့်မားနေခြင်းကြောင့် အနည်းငယ်သာ တင်ပို့နေရခြင်း ဖြစ် သည်။

ပြည်တွင်းမှ ထွက်ရှိသော ပြောင်းများ တရုတ်တင်ပို့မှုတွင် တရုတ်ဘက်မှ တောင်းဆိုသည့် အချက်အလက်များနေ သည့်အတွက် ကုန်သည် အများစုက တင်ပို့မှု မပြုကြခြင်း ဖြစ်ပြီး၊ အဆိုပါ နိုင်ငံသို့ ပြောင်းတင်ပို့မှု လျော့ကျသွား သည်မှာ ၅ နှစ်ခန့်ပင် ရှိနေbပြီဖြစ်ကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် မြန်မာ့ပြောင်းကို အရည်အသွေးမြှင့်တင်မှုများ လုပ်ဆောင်နေပြီး အခြားသော အာဆီယံဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံသို့ တင်ပို့ရန် လုပ်ဆောင်နေကြောင်း သိရသည်။