CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၉

ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားသုံးငွေ လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှတဆင့် ကုန်စည်မှာယူမှုများ လျော့ကျလာနေသည့်အတွက် နှစ်နိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ဆွေးနွေး ညှိနှိုင်းကြရန် လိုအပ်သည်ဟု ကုန်သည်များက ပြောသည်။

ကုန်သွယ်ရေးသည် လက်ရှိတွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်စည်မှာယူမှသာ တင်ပို့နေရသည့် အခြေအနေ ဖြစ်နေပြီး ကုန်သွယ်မှုအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း မောင်တောကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ် ငွေကြေးကို တွေ့ရစဉ်

၎င်းက “ကုန်သွယ်မှု အခြေအနေကတော့ အခုတော့ သွားတော့ သွားနေတယ်။ ဟိုဘက်က လိုချင်တဲ့ကုန်ကိုပဲ ယူသွားနေတဲ့ သဘောမျိုး။ အရင်လို ဒီကသွားတာကို လက်ခံတဲ့ သဘောမျိုး မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ကို အစ်ကိုတို့ ဆို ငါးပို့တာ ကျသွားတယ်ပေါ့။ တစ်ပတ်မှာ ၁ စီး ၂ စီးလောက်တောင် အဆင်မပြေတော့ဘူး။ အရင်ကဆို ၁ လကို အစီး ၃၀ လောက် ပို့တယ်ဆိုရင် အခုက ၁ လမှ ၃၊ ၄၊ ၅ စီးလောက်ပဲ ဖြစ်တော့တဲ့ သဘောပေါ့။ ရာခိုင်နှုန်းနဲ့ဆို ၉၀ လောက် ကျသွားပြီ၊ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြစ်ထွန်းတဲ့သဘော။ အဓိကကတော့ ကုန်သွယ်ရေးကတော့ ဟိုဘက်က အလိုရှိတာကို ဒီဘက်က ပို့တယ်။ ဟိုဘက်နိုင်ငံက အလိုရှိတယ်ဆိုပေမယ့်လည်း လိုတော့ လိုချင် တယ်၊ ဒါပေမယ့် ပိုက်ဆံတော့ မပေးနိုင်ဘူး နည်းလမ်း မရှိဘူးဆိုတာမျိုး ဖြစ်နေတဲ့အတွက် ဒီနည်းလမ်းကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဒီဘက်နိုင်ငံရဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ဟိုဘက်နိုင်ငံရဲ့ ကုန်သွယ်ရေး အသင်းတွေနဲ့ ဆွေးနွေးပြီးတော့ လုပ်မယ်ဆိုရင်တော့ အဖြေတစ်ခုတော့ ရလာမှာပါ။ အစိုးရအနေနဲ့ ဘယ်လိုပုံစံ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာ အစည်းအဝေးတွေ လုပ်ပြီးတော့ ဖြေရှင်းပေးဖို့ လိုမယ်ပေါ့နော်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံခြားသုံး အရံငွေ လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာ၌ အမေရိကန် ဒေါ်လာဖြင့် ပေးချေနိုင်မှု မပြုလုပ်နိုင်ဘဲ ဖြစ်နေကြောင်း၊ ထို့ကြောင့် ၎င်း(ဘင်္ဂလားဒေ့ရှ်)တို့ နိုင်ငံအတွက် အရေးကြီးလိုအပ်သည့် ကုန်စည်များကိုသာ မှာယူမှုရှိကြောင်း၊ ထို့နောက် စစ်တွေနှင့် မောင်တော နယ်စပ်မှတဆင့် ကုန်စည်တင်ပို့မှုများ မရှိသလောက် ဖြစ်နေကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များထံမှ သိရသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရာတွင် ယခင်ကကဲ့သို့ ကုန်သည်အချင်းချင်း တိုက်ရိုက်ကုန်သွယ်မှု ပြုလုပ်ရန် အခက်အခဲရှိနေပြီး ကြားခံပွဲစားများ ပေါ်ပေါက်လာနေခြင်းကြောင့် ကုန်သွယ်မှု စရိတ်များ ပိုမို ကုန်ကျနေကြောင်း၊ ထို့ကြောင့် ကုန်သည်များက အကျိုးအမြတ် ရရှိမှု နည်းပါးနေပြီး ကုန်သွယ်မှုများကို လျှော့ချလာကြသည်ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်းထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်လုပ်ငန်းကိုတွေ့ရစဉ်

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ကုန်သွယ်မှုဆိပ်ကမ်း အနည်းငယ် ပျက်စီးမှုများ ရှိနေသည်။

လက်ရှိတွင် ကုန်သည်များသည် စစ်တွေနှင့် မောင်တော ဆိပ်ကမ်းများထက် တောင်ကုတ်မှတဆင့် ကုန်စည်များကို တစ်ဖက်နိုင်ငံသို့ တင်ပို့မှု ပြုနေကြသည်ဟု စစ်တွေမြို့မှ ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ အခုကတော့ ဆိပ်ကမ်းတွေက ပျက်စီးမှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေး အပိုင်းကတော့ နယ်စပ်ကုန်သွယ်ရေး ဆိုရင်တော့ အများအားဖြင့်တော့ နောက်ပိုင်းဆိုရင်တော့ တောင်ကုတ် ချက်ပွိုင့် ကနေပြီးတော့ လာလို့ရှိရင်တော့ ဒီဘက်မှာ အစစ်ဆေးခံရုံပဲ ရှိတယ်ပေါ့လေ သူတို့မှာ။ အဲဒီနည်းလမ်း အတိုင်းပဲ သွားကြမယ့် သူတွေများပါတယ်။ ဒီဘက်မှာ အလုပ်သမား အဓိက အလုပ်သမားတွေပေါ့လေ။ ကုန်တင် ကုန်ချ လုပ်တဲ့ အလုပ်သမားတွေကလည်း အခုက ရှာရတာ တော်တော်လေး ခက်တယ်။ ဘာလို့ဆို သူတို့လည်း နေရ ထိုင်ရတာ နေရာတွေကလည်း အဆင်မပြေကြတော့ အဲဒါမျိုးတွေ ရှိပါတယ်ခင်ဗျ” ဟု ပြောသည်။

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ တစ်ခုတည်းဖြင့် အဓိက ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေး တစ်ခုဖြစ်သည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားသုံးငွေ အခက်အခဲ ဆက်လက် ဖြစ်ပေါ်မည်ဆိုပါက ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ယခုထက်ပို၍ ကျဆင်းသွားနိုင်ကြောင်း၊ ထိုသို့ ကုန်သွယ်ရေး ကျဆင်းမှုမရှိ အောင်ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် နှစ်ဖက်နိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် လျင်မြန်စွာ ဖြေရှင်း ပေးနိုင်ရန် ကုန်သည်များက လိုလားနေကြသည်။