CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှ စက်လှေသမား ၈ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သော်လည်း လက်ရှိတွင် ကျန်းမာရေး ပြန်လည် ကောင်းမွန်နေပြီဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုမရှိသလို ထိခိုက်မှုလည်း မရှိ ကြောင်း သိရသည်။

စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းတွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်သည့် အချိန်ကတည်းက ကိုဗစ် ကာကွယ် ရေးနှင့် ပတ်သက်ပြီး သေချာစွာ အဆင့်ဆင့် စစ်ဆေးမှုများ၊ စည်းကမ်းချက်များ သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် လက်ရှိ ကူးစက်မှုနှင့် ပတ်သက်၍ နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိအချိန်ထိတော့ ကိုဗစ်ကူးစက်မှုကြောင့် ကုန်သွယ်မှု အပေါ်မှာတော့ သက်ရောက်မှုတော့ မရှိသေးပါဘူး။ မရှိ သေးဘူးဆိုတာကလည်း အဓိကတော့ ကျနော်တို့ ကိုဗစ်က ကျနော်တို့ ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်က ပြန်ဖွင့်တဲ့ အချိန်ကတည်းက လက်ရှိအချိန်ထိ ကိုဗစ် ကာကွယ်ရေးအတွက် ကူးစက် မှု မရှိအောင် အတတ်နိုင်ဆုံး အဆင့်တွေ အများကြီးပဲ လုပ်ထားတာ ရှိတယ်။ ပြန်ဝင်လာလို့ ရှိရင်လည်း ကွာရတင်း ဝင်ရတဲ့ ဟာတွေက အများကြီးရှိတယ်။ အဲဒါကို ဖြေလျှော့ထားတဲ့ ဟာတွေလည်း ရှိတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် နယ်စပ် ကုန်သွယ်ရေး ကွာရတင်းစခန်းကိုတွေ့ရစဉ်

အရင်တုန်းကဆို ကွာရတင်း ၁၀ ရက် လောက်ပဲ ဝင်ရတဲ့ ဟာတွေပေါ့လေ။ လက်ရှိကတော့ ကွာရတင်း ၃ ရက်နဲ့ ကျနော်တို့ ဝင်ခိုင်းပြီးတော့ ၃ ရက်‌ မြောက်နေ့မှာ swab test တွေ ယူတဲ့ဟာတွေနဲ့ ကာကွယ်ထားတာတွေ ရှိပါတယ် ။ လက်ရှိမှာ အဲလို ကာ ကွယ်ထားတဲ့ ဟာကနေ swab test ‌ တွေကို ကျနော်တို့ ယူနိုင်တဲ့အတွက် ပိုးတွေ့တဲ့သူကို သီးခြား ကျနော်တို့ ခွဲထုတ် ပြီးတော့ ကုသပေးနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ အဲတော့ ကျနော့် အမြင်ကတော့ လက်ရှိ ကူးစက်မှုကြောင့် နယ်စပ် ကုန်သွယ်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ စစ်တွေနယ်စပ်စခန်းရဲ့ ကုန်သွယ်မှု အပေါ်မှာတော့ သက်ရောက်မှုတော့ လောလောဆယ် မှာတော့ မရှိသေးပါဘူးခင်ဗျ” ဟု ပြောသည်။

ယခု ကိုဗစ်ပိုး တွေ့ရှိမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေး စက်လှေသမားများဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူမှာ ယခု ဇူလိုင်လအတွင်း ၈ ဦးအထိ ရှိသွားပြီး ဖြစ်ကြောင်း သိရသည်။

လတ်တလော ရောဂါပိုး တွေ့ရှိထားသူများသည် ပြင်းထန်သည့် ဝေဒနာ ခံစားရခြင်း မရှိဘဲ ဆေးရုံသို့ စောင့်ကြည့်ရန်အတွက် သာ တင်ဆောင်ထားကြောင်း၊ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန် အခြေအနေအတိုင်း ကုန်သွယ်နေကြောင်း သိရ သည်။

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူများကိုသာ လုပ်ကိုင်ခွင့် ပေးထားပြီး ပြန်လည် ဝင်‌ရောက်လာသည့် အခါတွင်လည်း ကွာရတင်းရကြောင်း၊ ကိုဗစ် ရှိ/မရှိကို ထပ်မံ စစ်ဆေးရကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် နယ်စပ်ကုန်သွယ်ရေး

၎င်းက “ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးကိုလည်း ကျနော်တို့ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသား လူတွေကိုပဲ နယ်စပ် ကုန်သွယ်ခွင့်ကို လုပ်ကိုင်ခွင့် ပေးထားတယ်။ ဆိုလိုတဲ့သဘောက နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ ကုမ္ပဏီ ဝန်ထမ်းဖြစ်စေ၊ လှေထိုးသား ဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်တွေဖြစ်တဲ့ မင်းဂံတို့၊ ကုန်တင်ကုန်ချ ဆိပ်ကမ်းတွေမှာ ကုန်တင် ကုန်ချ လုပ်တဲ့ လုပ်သားတွေကအစ ကာကွယ်ဆေး ထိုးပြီးသား ကဒ်ပါမှ နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်ရမယ်ဆိုတဲ့ အပိုင်းတွေနဲ့ ဒါမျိုးတွေနဲ့ ကျနော်တို့ ဆောင်ရွက်နေတယ်။ အခု နိုင်ငံခြားသွားပြီးတော့ ပြန်လာလို့ရှိရင်လည်း ကွာရတင်း ဝင်ရပါတယ်။ သူ့သတ်မှတ်ချက်အတိုင်း ကွာရတင်း တင်ရတယ်။ အဲကွာရတင်း ဝင်နေတဲ့အချိန်မှာ ကျနော်တို့က နှာခေါင်းတို့ဖက် ရယူပြီး စစ်ဆေးတယ်။ အဲလို စစ်ဆေးရင်းနဲ့ တွေ့တာပေါ့” ဟု ပြောသည်။

လက်ရှိ ကိုဗစ်ပိုး တွေ့ရှိမှုမှာ အိုမီခရွန် ဟုတ်/မဟုတ်နှင့် အသစ်ဖြစ်ပေါ်နေသည့် အိုမီခရွန် မျိုးကွဲအသစ် ဟုတ်/မဟုတ်ကို ရခိုင်ပြည်နယ်တွင် စစ်ဆေးနိုင်သည့် ပစ္စည်းကိရိယာ မရှိသည့်အတွက် ဆေးစစ်ချက်နမူနာအား ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားသည်ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

ထို့နောက် ကိုဗစ် ကူးစက်မှုနှင့် ပတ်သက်ပြီး နယ်စပ်ကုန်သွယ်မှုကို သက်ရောက်မှု မရှိစေရန် စည်းမျဉ်း သတ်မှတ်ချက်များ၊ ကာကွယ်ရေး နည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေ ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားခြင်းကြောင့် လုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ စက်လှေသမားများနှင့် ကုန်တင်ကုန် ချ သမားများကလည်း စည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ကုန်သည်စက်မှုအသင်းချုပ်က တိုက်တွန်း ထားသည်။