CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

ယခု ဇွန်လမှစတင်ကာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကုန်သွယ်ရေးတွင် တရုတ်နိုင်ငံဘက်က ကိုဗစ်စည်းကမ်းချက် များကို တဖြည်းဖြည်း ဖြေလျှော့လာသည်ဟု မူဆယ်ကုန်သည်များထံမှ သိရသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “၆ လပိုင်း လဆန်းကစပြီးတော့ ဘာဖြစ်လာလဲ ဆိုတော့ ကိုဗစ်စည်းကမ်းချက်တွေကို တရုတ်နိုင်ငံဘက်ကနေပြီးတော့ လျှော့ချလာတယ်။ အသီးကားတွေကို အရင်တုန်းက ဆေးဖျန်းတဲ့နေရာ ၄ နေရာလောက် ဖျန်းတယ်။ အခု ၁ နေရာလောက်ပဲ ဖျန်းတော့တယ်။ ဒီလို ၁ နေရာပဲ ဖျန်းတော့တဲ့အတွက် အသီးတွေက ဆေးဖျန်းတာ နည်းသွားတော့ အသီးတွေ မနာတော့ဘူးပေါ့။ ဒီအတွက် အသီးကားသမားတွေအတွက် သိသိသာသာကြီး အကျိုးရှိတာပေါ့။ မြန်မြန်ဆန်ဆန် သွက်သွက် လက်လက် ဝင်နိုင်တယ်။ နံပါတ် ၂ က ကိုဗစ် ကန့်သတ်ချက်စာရွက်စာတမ်းတွေကို အများကြီး လျှော့ထားတယ်။ အရင်တုန်းက ၃/၄ ခု ပေးရတဲ့နေရာက အခု ၁ ခုလောက်ပဲ ပေးရတော့တယ်။ ဒါကြောင့် တဖြည်းဖြည်းတော့ ကိုဗစ်စည်းကမ်းချက်တွေကို လျှော့ချနေတာ တွေ့ရှိရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံသို့ သစ်သီးများ တင်ပို့ရာတွင် ကိုဗစ်ကန့်သတ်ချက်ပေါ် မူတည်နေခြင်းကြောင့် ကိုဗစ်စည်းကမ်း များကို ထပ်မံဖြေလျှော့ပေးလာပါက ကုန်သွယ်ရေး ပုံမှန်ပြန်ရောက်လာနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်စည်းကမ်းချက် အနည်းငယ် ဖြေလျှော့လာသည့်အတွက် သစ်သီးတင်ပို့မှုကြာချိန်သည် ယခင်ကထက် လျော့ကျလာသည်ဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က CNI သို့ ပြောသည်။

“သစ်သီးတင်ပို့မှု အပိုင်းကတော့ ရှေ့လျှောက် လာမယ့်ဟာကတော့ ကိုဗစ်ထိန်းချုပ်မှုပေါ် မူတည်တာပေါ့။ ဒါကလည်း တရုတ်ဘက်က တဖြည်းဖြည်း ဖြေလျှော့နေတာတော့ ရှိတာပေါ့။ တရုတ်ဘက်ကတော့ အရင်တုန်းက ၁ လလောက် ရက် ၂၀ လောက် ကြာတဲ့ဟာက အခုက ၄/၅ ရက် ၁ ပတ်နဲ့တော့ ဝင်သွားပြီ။ နောက်အလားအလာ ကတော့ ပုံမှန်ဖြစ်ဖို့ လမ်းကြောင်းပေါ်တော့ ပြန်ရောက်လာမှာပဲ” ဟု ပြောသည်။

သစ်သီးတင်ပို့မှုသည် ကိုဗစ်ကန့်သတ်ချက်များကြောင့် ယခုနှစ်တင်ပို့မှုသည် ယခင်နှစ်ထက်တင်ပို့မှု ပမာဏ ထက် နည်းပါးသည်ဟု ကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ကိုဗစ်ကန့်သတ်ချက် တင်းကြပ်မှုများသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သစ်သီး ဝလံနှင့် ကုန်စည်များ၏ အရည်အသွေး ကျဆင်းမှု ဖြစ်ပေါ်စေသည့်အပြင် တင်ပို့ရာတွင် အချိန်နှောင့်နှေး ကြန့်ကြာစေကြောင်း သိရသည်။

လတ်တလော သစ်သီးများ တင်ပို့ရာတွင် တရုတ်နိုင်ငံဘက်ခြမ်းတွင် ကားခဈေးနှုန်းများ ကျဆင်းနေပြီဖြစ်သော် လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ ကုန်ကားကွင်းကြေးနှင့် အစားထိုးယာဉ်မောင်းခဈေးနှုန်းများမှာ ကျဆင်းနေခြင်း မရှိသေးကြောင်း ဦးစိုင်းခင်မောင်က ဆက်ပြောသည်။

“ကုန်ကျမှု တရုတ်ဘက်ကတော့ ကားခတွေ တဖြည်းဖြည်းတော့ ကျလာတယ်။ မြန်မာဘက်ကတော့ မကျသေးဘူးပေါ့။ မြန်မာဘက်က ကွင်းကြေးတို့၊ ရှန်တိန်တို့ ဆေးစစ်တာတို့ ဖြေလျှော့တာ မတွေ့ရသေးဘူး။ တရုတ်ဘက်ကတော့ အဆင့်လိုက် ဖြေလျှော့နေတာပေါ့နော်” ဟု ပြောသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်ရောဂါဆိုင်ရာ ထိန်းချုပ်ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖြေလျှော့လာနေပြီ ဖြစ်သည့်အတွက် ပိတ်ထားသည့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ယခုနှစ်အတွင်း ပြန်လည် ဖွင့်လှစ်လာနိုင်ခြေရှိသည်ဟု ကုန်သည်များက သုံးသပ်နေကြသည်။