CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ဘက်တွင် ပိတ်မိနေသည့် မြန်မာဘက်မှ ကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းများအား မကြာခင်တွင် ပြန်ထုတ်ခွင့်ရတော့မည်ဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံက သိရသည်။

တွဲကားအစီးရေ ၆၀၀ နီးပါးခန့်သည် ကျယ်ဂေါင်ဘက်တွင် ကိုဗစ်ကြောင့် တစ်နှစ်ကျော်ကြာပိတ်မိနေပြီး ပြန်ထုတ်မရသည့်အတွက် အချို့ ကုန်ပစ္စည်းများမှာ ပျက်စီးသွားပြီဖြစ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးမင်းသိန်းက “ဒါတွေက ကြာလည်းကြာသွားပြီဆိုတော့ တချို့တွေဆို ပျက်စီးကုန်ပြီ။ အဲဒီတော့ နှစ်နိုင်ငံ တာဝန် ရှိပုဂ္ဂိုလ်တွေ တိုင်ပင်ဆွေးနွေးပြီးတော့ ဒီကုန်ပစ္စည်းတွေကို ကျယ်ဂေါင်ကနေပြီးတော့ ရွှေလီ၊ ကျယ်ဂေါင်နဲ့ မူဆယ်ဆိုတာ ခြံစည်းရိုးပဲခြားတယ်။ ဒါပေသိ ကျယ်‌ဂေါင်-မူဆယ် ဂိတ်ကို ပိတ်ထားတဲ့အတွက် ကျယ်ဂေါင်မှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို ကျယ်ဂေါင်ကနေပြီးတော့ ရွှေလီသွားမယ်၊ ရွှေလီကနေပြီး ဝမ်တိန်ကို လာမယ်။ ဝမ်တိန်ကမှတဆင့် ကျင်စန်းကျော့ဂိတ်ကိုဖြတ်ပြီးတော့ ဗမာပြည်ထဲကို ပြန်ဝင်တဲ့အစီအစဉ် ဆောင်ရွက်နေပါ တယ်။ အခု‌တော့ စီစဉ်နေတာတော်တော်လေး အဆင်ပြေနေပါပြီ။ လိုအပ်တဲ့ကိစ္စတွေ အနည်းအကျဉ်းပြီးရင်တော့ ဒီပစ္စည်းတွေ ထုတ်လို့ရပါပြီ။ လောလောဆယ်မပြီးပြတ်သေးဘူးဆိုတာက ဂျူတီကိစ္စတွေ မပြီးပြတ်သေးလို့။ ဂျူတီကိစ္စတွေ ပြီးပြတ်ပြီးရင်တော့ ဒီပစ္စည်းတွေ ထုတ်လို့ရပါပြီ” ဟုပြောသည်။

ထိုပစ္စည်းများမှာ ဆောက်လုပ်ရေး၊ ဆေးဝါး၊ စားကုန်သောက်ကုန်၊ လျှပ်စစ်၊ စက်ပစ္စည်းတို့ဖြစ်ပြီး ယခုကဲ့သို့ လမ်းကြောင်း ၃ ခုမှ ပြန်ထုတ်ရမည်ဖြစ်သည့်အတွက် ကုန်သည်များ ကုန်ကျစရိတ်ပိုများမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ-တရုတ်နိုင်ငံနယ်စပ်ဖြစ်သည့် ကျယ်ဂေါင်ဂိတ်အား တွေ့ရစဉ်

ကျယ်ဂေါင်တွင်ပိတ်မိနေသည့် ကုန်ပစ္စည်းများအား ပြန်ထုတ်ခွင့်ပြုရန် မြန်မာဘက်မှ ကုန်သည်များက တောင်းဆိုသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ယခုလအတွင်း ထိုကုန်ပစ္စည်းများအား ပြန်ထုတ်၍ရမည်ဖြစ်ကြောင်း ဦးမင်းသိန်းက ပြောသည်။

ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်ရန်အတွက်လည်း နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးနေကြကြောင်းသိရသည်။

ဦးမင်းသိန်းက “အများကြီးကောင်းသွားတာပေါ့။ အခုက ဂိတ်တစ်ဂိတ်ပဲဖွင့်တယ်။ ရှိတာက ဂိတ် ၅ ဂိတ်လောက် ရှိတယ်။ ၅ ဂိတ်လုံးဖွင့်နိုင်မယ်ဆိုရင် ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်သွားမယ်။ ခေါက်တိုခတွေလည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေ အများကြီး ကျဉ်းသွားမယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ ဂိတ်အားလုံး ဖွင့်မယ်ဆိုရင်တော့ ဒါအများကြီးကောင်းပါတယ်။ အများကြီး နယ်စပ်ကုန်သွယ်ရေးဟာ ဖွံ့ဖြိုးတိုးတက်လာမယ် လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျင်စန်းကျော့ဂိတ်မှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ရော်ဘာ စသည့် စားကုန်သောက်ကုန်ပစ္စည်းများသည် တရုတ်ဘက်သို့ တစ်ရက်လျှင် ကုန်အကားအစီးရေ ၅၀ ခန့် ဝင်ရောက်ကြောင်းနှင့် တရုတ်ဘက်မှလည်း မြန်မာ ဘက်သို့ ကုန်ကား ၅၀ ခန့်ဝင်ရောက်ကြောင်းသိရသည်။

တရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပြုရာတွင် ကိုဗစ်နှင့်ပတ်သက်၍ ယခင်ကထက် တင်းကြပ်မှုမရှိသော် လည်း တင်ပို့မည့် ကုန်ပစ္စည်းများတွင်မူ ကိုဗစ် ရှိ၊ မရှိ စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။