CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ 

တပ်မတော်အနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းမကြီးအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။

မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် အဓိက နေရာများဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့များရှိသည်။

မန္တလေး -လားရှိုး- မူဆယ် ကားလမ်းမကြီးသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ပြုသည့် အဓိက လမ်းမကြီးဖြစ်ရာ လက်ရှိအချိန်တွင် MNDAA၊ KIA၊ TNLA အဖွဲ့အစည်းတို့ လှုပ်ရှားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းမှာ ရပ်တန့်ထားရသည်။

TNLA ထိန်းချုပ် သိမ်းပိုက်ထားသည့် ထိုလမ်းမကြီးရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့များကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်တွင် မိုးကုတ်- မိုးမိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် နောက် အဆင့်များအနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-မဲခေါင်သတင်း)

၎င်းက “ဒါကတော့ တစ်ဆင့်ချင်း သွားမယ်နဲ့တူပါတယ် (Step By Step) ပေါ့၊ အောက်တိုဘာ ၂၉ မှာရတဲ့ သဘော တူညီချက်က နိုဝင်ဘာ ၂၉၊ ၃၀ မှာ အပြီး ဆောင်ရွက်တယ်၊ နောက်အဆင့်တွေ ရှိအုံးမယ်ထင်တယ် ကျနော် ထင်တာ။ နောက်အဆင့်တွေက မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပြန်ပွင့်ဖို့အတွက် တပ်ချရမယ့် တပ်ထိုင်ရမယ့် ကိစ္စတွေ နောက်ပိုင်းမှာ သူနယ်မြေအတွက် ပူးပေါင်းပါဝင်ရမယ့်ကိစ္စတွေ တဖြေးဖြေး တဆင့်ပြီး တဆင့် လာမယ်လို့တော့ ကျနော် ယူဆတယ်။ မဖြစ်ဖြစ်အောင်တော့ ဖွင့်မယ်ထင်တယ်၊ ဘာလို့ဆိုတော့ ကိုးကန့် နဲ့လည်း ညှိထားပြီးပြီလေ၊ “ဝ”ဆိုတာလည်း နဂိုထဲက တပ်မတော်ရဲ့  မဟာမိတ်ဖြစ်နေတယ်။ တရုတ်ကလည်းပဲ လမ်းဖွင့်ဖို့က ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ဖို့နဲ့ အလုပ်တွေ ဆက်စပ်ဖို့က ဒီလမ်းက အရေးကြီးနေတဲ့ အခါကျ တော့ တရုတ်ရဲ့ (Interest)  ရော၊ ဗမာပြည်ရဲ့  (Interest) ရော၊ တပ်မတော်ရဲ့ အကျိုးစီးပွားရော အားလုံး ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီဟာတွေ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။ 

မန္တလေး - မူဆယ် ကုန်သွယ်ရေး လမ်းမကြီး အနေဖြင့် မကြာမီ ပြန်ပွင့်လာနိုင်ကြောင်း၊ စီးပွားရေးကဏ္ဍ အနေဖြင့် တစ်စုံတစ်ရာ အသက်ရှူ ချောင်နိုင်ခြေရှိသည်ဟု တရုတ်- မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က CNI သတင်းဌာနသို့ ပြောသည်။ 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ထွက်လာတဲ့ ကုန်ကားကို TNLA က ကြည့်နေစဉ် (ဓာတ်ပုံ-မဲခေါင်သတင်း)

၎င်းက “ပြန်ပွင့်ကောင်းပွင့်မယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ အခု တရုတ်က သူ့နယ်စပ်ဂိတ်တွေ အကုန်ဖွင့်ပေးလိုက် တာကို၊ KIA ဘက်မှာလည်း သူတော်တော် ဖွင့်ပေးလိုက်ပြီ။ ၅ ဂိတ်စလုံး ဖွင့်ပေးလိုက်တယ်။ အဲ့တော့ ခုနက ကျမ ပြောတဲ့ ယူနန်ပြည်နယ်ရဲ့ Strategy မှာလည်း ဒါတွေပါတယ်။ ဒီနယ်စပ်ဂိတ်တွေ ကနေပြီးတော့ ဗမာပြည်တွင်း က စက်မှုလက်မှု Value added လို့ ခေါ်တာပေါ့နော်။ တန်ဖိုးမြှင့်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ယူနန်ပြည်နယ် ဘက်ကို သယ်ပြီး ယူနန်ပြည်နယ်မှာ စက်ရုံတွေဘာတွေ ဆောက်ပြီးတော့ ဒါကို ပိုပြီးတော့ အဆင့်မြှင့်တဲ့ဟာတွေ လုပ်‌ရေး ဘာရေး အများကြီးပဲဗျာ၊ သူ့ရဲ့  Strategy မှာပါတယ်။ ဒါပေမယ့်လို့ ကျမကြည့်တာ တစ်စုံတစ်ရာတော့ စီးပွားရေးအရ နည်းနည်း အသက်ရှူတော့ ချောင်ရင်ချောင်သွားမယ်၊ သို့သော်လည်း ဒီစစ်တပ်ရဲ့ အခြေခံ စိတ်နေ စိတ်ထားကိုက ပြည်သူလူထု အကျိုးအတွက် လုပ်တာမဟုတ်တော့ အခုကြားနေရသလိုပဲပေါ့ဗျာ လက်လီ/ လက္ကားကိစ္စ ဘာကိစ္စ ညာကိစ္စနဲ့ လူထုရဲ့ မကျေနပ်မှုနဲ့ကတော့ ဘာမှသိပ်ထူးခြားမယ်လို့ မထင်ဘူးဗျ။ လတ်တ လော အားဖြင့် စီးပွားရေးလေးဘာလေး တစ်စုံတစ်ရာ တည်ငြိမ်သွားတာလေးတော့ ဖြစ်ချင်ဖြစ်နိုင်တာ‌ပေါ့ဗျာ” ဟု ပြောသည်။ 

တပ်မတော်အနေဖြင့် မန္တလေး- မူဆယ်လမ်းမကြီးအား ထိန်းချုပ်နိုင်ခြင်းသည် ရှမ်းမြောက်ဒေသ တစ်ခုလုံးကို သာမက တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ် သူများက ထောက်ပြကြသည်။ 

လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းကို တရုတ်နှင့်တပ် မတော်ဘက်က ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီထားသည်။

သို့သော်လည်း TNLA က ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကုန်ကားများကို အခွန်ကောက်လိုကြောင်း သဘော ထား ရပ်တည်ထားပြီး တရုတ်နှင့်တပ်မတော်ဘက်က အခွန်ကောက်ခွင့် မပြုလိုကြောင်း သဘောထား ရပ်တည် ထား၍ ညှိနှိုင်းနေဆဲဖြစ်သည်။