CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာနေခြင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)သည် တရုတ်နှင့် အပေးအယူ လုပ်ချင်သောကြောင့် ဖြစ်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ကာ ပြန်လည်ဖြစ်ပွားလာသည့် စစ်ရေးသည် လက်ရှိ၌ တစ်မြို့လုံးနီးပါး တိုက်ပွဲများ ပြင်းထန်လာနေခြင်း ဖြစ်သည်။

သို့သော် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ကချင်ပြည်နယ်မှ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်နှင့် ရွှေကူ စသည့် မြို့နယ်များ ပါဝင်မည်ဟု နေပြည်တော်ဘက်က ဒီဇင်ဘာ ၂၅ ရက်က ကြေညာခဲ့သည်။

လက်ရှိ ဗန်းမော်တိုက်ပွဲသည် ရေရှည်သိမ်းရန်အတွက် တိုက်နေခြင်းမျိုး မဟုတ်ဘဲ အပေးအယူလုပ်ရန် တိုက်နေ ခြင်းသာဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအန်ဘန်လကို တွေ့ရစဉ်

၎င်းက “ဗန်းမော် တိုက်ပွဲတို့ ဘာတို့ကလည်းပဲ ဂုဏ်သိက္ခာဆယ်တဲ့ တိုက်ပွဲတွေပဲ။ ဒီတိုက်ပွဲတွေက နှစ်ဖက်စလုံး က သိပါတယ်။ ဒီအခြေအနေမှာ တန့်နေတယ်ဆိုတာ။ ဘာလို့ဆို တရုတ်ကိုယ်တိုင်က ပါလာတာ။ တချိန်ချိန်မှာ တရုတ်ကလည်း ကချင် ခင်ဗျား ဗန်းမော်တိုက်ပွဲ ရပ်လိုက်တော့လို့ ပြောလာနိုင်တယ်။ အဲဒီပြောလာနိုင်တဲ့ အချိန် မှာ သူတို့စောင့်နိုင်တယ်။ အဲဒီလို ကချင်ကို ခင်ဗျားတို့ ရပ်တော့လို့ ပြောတဲ့အချိန်မှာ ကချင်ကလည်း ဒါဆို ကျုပ် တို့ကို ဘယ်ဂိတ်တွေဖွင့်၊ ဘယ်ဂိတ်တွေပေး၊ ဘာလုပ်ပိုင်ခွင့် ပြန်ပေးဆိုပြီးတော့ အလဲအလှယ် လုပ်နိုင်တယ်။ Bargaining Power လိုချင်တာပေါ့။ Bargaining Power ရအောင် အခုက စစ်တိုက်နေကြတာ။ အပေးအယူ လုပ်ဖို့ တိုက်နေတာ။ ဒီတိုက်နေတာတွေက တကယ် ရေရှည်သိမ်းဖို့၊ တကယ့် ပြဿနာရှာနေတာ မဟုတ်ပါဘူး။ အပေးအယူ ပေါ်လာလို့ရှိရင် Bargaining Power ရဖို့ territory control ပေါ့ အဲဒါကို ကြိုးစားနေကြတာ။ အဲဒီလို နဲ့ပဲ လားရှိုး တိုက်ခဲ့ပြီးပြီပဲ။ သီပေါ၊ ကျောက်မဲ အကုန်တိုက်ခဲ့ပြီးပြီပဲ။ အပေးအယူတွေ တည့်သွားတော့ အားလုံး မရှိတော့ဘူးလေ။ တိုက်ခဲ့ပေမယ့် အခုအားလုံး အပေးအယူထဲ ပါသွားပြီလေ။ အလျော်အစားထဲ ပါသွားပြီလေ။ အဲဒါကြောင့် အခုလည်း ဒီလိုပါပဲ။ ဗန်းမော် မသိမ်းနိုင်သည်ရှိစေ၊ သိမ်းနိုင်သည်ရှိစေ တိုက်နေတယ် ဆိုတာကိုက အပးအယူလုပ်ဖို့အတွက် ကောင်းတဲ့လုပ်ငန်းတစ်ခုကို။ မတိုက်တော့ဘူးဆို အပေးအယူလုပ်ရင် ဘာနဲ့ သွားပြီး တော့ အစားထိုး အလျော်အစား လုပ်မလဲ၊ အဲဒါလည်း အ‌ရေးကြီးတာပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့် အထဲတွင် ဗန်းမော်သည် လက်ရှိ တိုက်ပွဲ ပြင်းထန်နေသလို မံစီနှင့် မိုးမောက်မြို့သည် ၂၀၂၄ ခုနှစ်ကတည်းက KIA မှ တိုက်ခိုက် သိမ်းပိုက်ထားသည့် မြို့များဖြစ်နေသည်။

သို့သော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ည ထုတ်ပြန်ချက်အရ ချင်းပြည်နယ်က မြို့နယ် ၃ ခု၊ စစ်ကိုင်းတိုင်း က မြို့နယ် ၂ ခု၊ ရခိုင်ပြည်နယ်က မြို့နယ် ၄ ခု အပါအဝင် ကချင်၊ ကရင်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူး တိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းက ကျေးရွာအုပ်စုပေါင်း ၁၀၀၂ အုပ်စု၊ ရပ်ကွက် ၆၂ ရပ်ကွက် တို့မှာ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း သိရသည်။

၎င်းတို့အနက် ကချင်ပြည်နယ်တွင် ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မိုးမောက်မြို့နယ်က ကျေးရွာအုပ်စု ၆၅ ခု၊  ရွှေကူမြို့နယ်က ကျေးရွာအုပ်စု ၃၉ ခုနှင့် ဖားကန့်မြို့နယ်က ကျေးရွာ အုပ်စု ၈ ခုတို့၌ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း သိရသည်။

ကချင်တိုင်းရင်းသားတွေကို တွေ့ရစဉ်

KIA နှင့် တရုတ်တို့တွင် ကိုယ်စီ ကိုင်ထားသည့် ဖဲချပ်များ ရှိနေကြသည့်အတွက် မည်ကဲ့သို့ အပေးအယူ လုပ်ကြ မည်ကို မပြောတတ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်တော့ KIA ဘက်မှာ ကိုင်ထားတဲ့ ဖဲချပ်တွေလည်း ရှိတယ်။ နောက် တရုတ်ဘက်က ကိုင်ထားတဲ့ ဖဲချပ်တွေလည်း ရှိတယ်။ တရုတ်ကတော့ သူ့စီးပွားရေးလမ်းကြောင်းတွေ ပိတ်နိုင်တယ်၊ ဖွင့်နိုင်တယ် ဒါမျိုးတွေ ရှိတာပေါ့။ KIA ဘက်ကလည်း သူ့မှာ မြေရှားသတ္တုတွေ ကိုင်ထားတော့ ဒါကို သူ့မပေးဘဲနဲ့ တခြားကိုရောင်းဖို့ ဒါမှမဟုတ် တခြားကို လှည့်ထုတ်ဖို့၊ သူ့ကို မရောင်းဘဲ ထားဖို့ ဒါမျိုးတွေ ရှိတာပေါ့။ ဒါတွေက သူတို့ ဘယ်လို အပေးအယူ လုပ်ကြမလဲတော့ မပြောတတ်ဘူး။ အဲဒီတော့ တရုတ်ရဲ့ ရည်မှန်းချက်ကတော့ သူတို့နဲ့ နယ်စပ် ကပ် နေတဲ့ တောက်လျှောက် ဗမာပြည်က နယ်စပ်တစ်လျှောက် အဲဒီဒေသတွေမှာ ငြိမ်းချမ်းစေချင်တာတော့ အမှန်ပဲ။ အဲဒါကို KIA က ဘယ်လို အသုံးချမလဲတော့ ကျမလည်း မသိဘူး” ဟု ပြောသည်။

ယခုနှစ် ဒီဇင်ဘာလ အတွင်း၌ KIA နှင့် အိန္ဒိယအကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ် သိရှိနိုင်ခဲ့သည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time မှ ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time ကတော့ ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက် လှမ်းမှုများအရ အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင်ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလို မီတာ အရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်နှင့် အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့် ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါး များနှင့် အခြား ထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်သည်။

မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကိုဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။