CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၃၁
တရုတ်နိုင်ငံသည် ၎င်း၏ နျူကလီးယားဒုံးကျည် အခြေခံ အဆောက်အအုံများကို လျင်မြန်စွာ တိုးချဲ့နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလှုပ်ရှားမှုများသည် တရုတ်၏ နျူကလီးယားဆိုင်ရာ ရပ်တည်ချက်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း အရိပ်အယောင်ပြနေသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာ အသစ်အရ တရုတ်နိုင်ငံသည် ဒုံးပစ်စင်များ ထားရှိသည့် အသစ် တည်ဆောက်ထားသော မြေအောက်စခန်းပေါင်း ၁၀၀ ကျော်အတွင်း DF-31 အမျိုးအစား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များကို တပ်ဆင်ထားဖွယ်ရှိကြောင်း ဖော်ပြထားသည်။
ထိုဒုံးကျည်ပစ်စင်များ ထားရှိသည့် မြေအောက်စခန်းများကို မွန်ဂိုလီးယားနိုင်ငံနှင့် နယ်စပ်အနီးရှိ နေရာ ၃ ခုတွင် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဤအစီရင်ခံစာအရ တရုတ်နိုင်ငံ၏ ကာလရှည်ကြာ ကျင့်သုံးခဲ့သော Minimalist nuclear deterrent strategy ဟုခေါ်သည့် အနိမ့်ဆုံးအဆင့် ကန့်သတ်ထားသည့် နျူကလီးယား အဟန့်အတား မဟာဗျူဟာမှ သွေဖည်လာမှုကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။
ယခုအခါတွင် တရုတ်နိုင်ငံသည် ပိုမိုမြန်ဆန်ပြီး ပိုမိုထိရောက်သည့် နျူကလီးယား တုန့်ပြန်မှုဆိုင်ရာ ရပ်တည်ချက် ကို ဖော်ဆောင်လျက်ရှိသည်။

တရုတ်စစ်တပ်ကို တွေ့ရစဉ်
ဤချဉ်းကပ်မှုသည် Launch-on-warning (LOW) စနစ်နှင့် ဆက်နွှယ်နေပြီး ထိုစနစ်သည် ရန်သူ့ဘက်မှ တိုက်ခိုက်လာမှုကို စတင် သိရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း တုန့်ပြန် တိုက်ခိုက်နိုင်စွမ်းကို ရရှိစေမည် ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသည် စစ်ရေး လေ့ကျင့်မှု တစ်ခုအတွင်း ဒုံးကျည်များကို ဆက်တိုက် ဆိုသလို လျင်မြန်စွာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ထိုလေ့ကျင့်မှုသည် အချိန် အတိုင်းအတာ တစ်ခုအတွင်း ဒုံးကျည်ပစ်စင်များ ထားရှိသည့် မြေအောက်စခန်းများ အတွင်းရှိ ဒုံးကျည် အမြောက်အမြားကို ပစ်ခတ်နိုင်ရန် လေ့ကျင့် နေခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။
အမေရိကန်၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အထိ တရုတ်နိုင်ငံ၏ နျူကလီးယားထိပ်ဖူး အရေအတွက်သည် ၆၀၀ ဝန်းကျင် (Low 600s) တွင် ရှိနေကြောင်း ဖော်ပြခဲ့သည်။
သို့သော် ယခုကဲ့သို့ မဟာဗျူဟာ အပြောင်းအလဲများသည် အရေအတွက်ထက် စွမ်းဆောင်ရည် (Capability) ပိုင်းကို ပိုမိုဦးစားပေးထားခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: South China Morning Post
