CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ 

ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ် ဖြစ်ပေါ်မလာစေဖို့အတွက် နိုင်ငံတော်တာဝန်ကို တပ်မတော်က မလွှဲမရှောင် သာ ရယူခဲ့ရသည်ဟု နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁) နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်စဉ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ အထက်ပါ အတိုင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ အစိုးရ အနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အာဏာရ အစိုးရနဲ့ NLD ပါတီတို့ရဲ့ မဲမသမာမှုတွေ ကြောင့် နိုင်ငံတော်လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပျက်ယွင်းမသွားစေဖို့ ဒီမိုကရေစီ အမည်ခံ အာဏာ ရှင်စနစ် ဖြစ်ပေါ်မလာစေဖို့အတွက် နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာ ရယူခဲ့ ရပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ စတင် တာဝန်ယူစဉ်ကတည်းက ဦးတည်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ရာမှာ ပြည်သူ လူထု လိုလားတောင်းတခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည် အကောင် အထည်ဖော်ဖို့ အာမခံခဲ့ပြီး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ အစဉ်အမြဲ ဦးတည်ခဲ့ပါ တယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်နေစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) မှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများကို ပြန်လည် စိစစ်ပေးရန် နိုင်ငံရေးပါတီ ၃၀ ကျော်နှင့် မြန်မာ့ တပ်မတော်က တောင်းဆိုခဲ့သည်။

သို့သော် NLD ပါတီနှင့် NLD အစိုးရအဖွဲ့က ရွေးကောက်ပွဲမဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်း ရေးကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်ခဲ့သည်။

အဆိုပါ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရက လွှတ်တော်ခေါ်ယူ ကျင်းပမည်ဖြစ်သလို နိုင်ငံတကာ သံတမန်များကိုလည်း အသိသက်သေအဖြစ် ခေါ်ယူထားခဲ့သည်။

 ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ နိုင်ငံတကာ သံတမန်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိမှာတော့ မြန်မာ့တပ်မတော်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပ ပေးလျက်ရှိပြီး ရွေးကောက်ပွဲ အပိုင်း(၁)သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည်။ 

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း (၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက်ကျင်းပမည်ဖြစ်သည်။

မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်သလို တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန် ကိုသာ ထမ်းဆောင်တော့မည်ဟု ပြောကြားထားသည်။