CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့် သူတို့ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)က ပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်ဆီးခဲ့ပြီး မိမိတို့က နည်းစနစ်ကျစွာ ပြန်လည်တည်ဆောက်ပေးနေ သည်ဟု နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ပြောကြားချက်ဆိုကာ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းရှိပြီး မဲမသမာမှု ၁၀.၄ သန်း ဖြစ်ပေါ်ခဲ့ခြင်းကို ဖြေရှင်းပေးရန် နိုင်ငံရေးပါတီများနှင့် တပ်မတော် ပူးပေါင်း၍ တောင်းဆိုခဲ့သော်လည်း ဖြေရှင်း မပေးဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ လွှတ်တော်ခေါ်ကာ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခဲ့သည်ဟု ၎င်းက ထောက်ပြသည်။

ထိုသို့ လုပ်ဆောင်မှုများက မည်သူက ဥပဒေနှင့်အညီ တရားနည်းလမ်း တကျတောင်းဆိုခဲ့ပြီး မည်သူက ဥပဒေကို လျစ်လျူရှုမျက်ကွယ်ပြုခဲ့သလဲ စဉ်းစားနိုင်ကြောင်း၊ ထို့နောက် တပ်မတော်က နိုင်ငံတော် တာဝန်အရပ်ရပ်ကို ရယူ ခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

၎င်းက “ မဲမသမာမှုဖြစ်ခဲ့တာကို တရားနည်းလမ်းတကျ ဖြေရှင်းမပေးဘဲ နိုင်ငံ‌တော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့ သူတို့ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကို ကော်မရှင်တို့ကသာ ပြည်သူလူထု တစ်ရပ်လုံးနဲ့ နိုင်ငံတော်ရဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ ပြည်သူတွေလိုလားတောင့်တခဲ့တဲ့၊ ဒီလိုဖျက်ဆီးခံရတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျနော်တို့က နည်းစနစ်ကျစွာ ပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်က လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်းမှာ မြို့နယ် ၁၀၂ မြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ မြို့နယ် ၁၀၀ မှာ ရွေးကောက်ပွဲ အပိုင်း(၂)အား ကျင်းပမည်ဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၃)ကို နှစ်ပတ်ခြာပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံးပတ်မှာ ကျင်းပမည်ဖြစ် သည်။

အဆိုပါ ရွေးကောက်ပွဲကို NLD ပါတီ ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင် ဖွဲ့စည်းထား သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသည်။

အလားတူ မြန်မာ့တပ်မတော်က ဦးဆောင် ကျင်းပမည့် ရွေးကောက်ပွဲ ပူးပေါင်း ပါဝင်သူများကိုလည်း ထိရောက် စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် အသက်အန္တရာယ်ကို အာမမခံကြောင်း ထုတ်ပြန်ထားကြသည်။