CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားနေခြင်းနှင့်အတူ ပြည်သူလူထု၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် သည် မည်သည့် အခြေအနေကို ရောက်ရှိနေသလဲ မေးခွန်းထုတ်မှုများ ရှိနေသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ NLD အစိုးရအား ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်လာ သလို ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ရပ်တည်ပိုင်ခွင့်များလည်း ထိန်းချုပ်ခံလာခဲ့ရသည်။

လူထု၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ကို တားဆီးခြင်းက ဒီမိုကရေစီအတွက် မကောင်းဘူးဟု ရန်ကုန် စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ‌ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနကို ပြောသည်။

ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်

၎င်းက “နိုင်ငံတော် အနေနဲ့က သူသွားချင်တဲ့ နိုင်ငံရေး ပန်းတိုင် ရွေးကောက်ပွဲကို အောင်မြင်စွာ ဖြစ်ပေါ်ဖို့ အတွက်ကို ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်ဖို့ ဖြစ်နိုင်တယ်လို့ ယူဆတဲ့ ကိစ္စမှန်သမျှ ဖြစ်ရပ်မှန်သမျှကို လိုက်လံတားဆီးရင်းနဲ့ လွတ်လပ်စွာ ထုတ်‌ဖော် ပြောဆိုပိုင်ခွင့်တွေဟာ ဒါခြိမ်းခြောက်ခံရတဲ့ အနေအထားမှာ ဖြစ်လာတာပေါ့။ တရားစွဲ အရေးယူတဲ့ အာဏာပိုင်တွေ အနေနဲ့က သေသေချာချာ စဉ်းစားရမယ် ဒီလို ဖြစ်ရပ် တွေဟာပေါ့နော်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်အတွက်ကို မကောင်းဘူး။ ဒါကြောင့် လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ဟာ ရွေးကောက်ပွဲကို ဘယ်လောက်ထိ သက်ရောက်သွားနိုင်လဲဆိုတဲ့ပေါ်မှာ ချင့်ချိန် ပြီးတော့ အရေးယူတာတွေကို လုပ်သင့်တယ်၊ ကန့်ကွက်တာနဲ့ ရွေးကောက်ပွဲကို မကျေနပ်လို့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းကို ဝေဖန်မိလို့ ဆိုရုံလောက်နဲ့ ဖမ်းဆီး အရေးယူတယ်။ ထောင်ချတယ်ဆိုတာမျိုးက မေးခွန်း ထုတ်စရာတွေ အများကြီးရှိတယ်။ နိုင်ငံရေးက တရားဥပဒေစိုးမိုးရေးကို လွှမ်းမိုးတဲ့ အနေအထားမျိုး ဖြစ်လာမှာကို အန်တီတို့ စိုးရိမ်တယ်လေ။ ဒါကြောင့် တရားစီရင်ရေး အာဏာပိုင်တွေ တရားစွဲ အာဏာပိုင်တွေ အနေနဲ့ကလည်း နိုင်ငံတော်စီမံချက်ဆိုပြီးတော့ အစီအစဉ်မဲ့‌ တရားဆွဲ အရေးယူတာတွေ သိပ်ပြီးတော့ မဖြစ် စေချင်ဘူး”ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအား ဝေဖန်ခြင်းနှင့် ပျက်ပြားအောင် လုပ်ဆောင်ခြင်း၊ ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများအား ဝေဖန်ခြင်းနှင့် ပုတ်ခတ်ရေးသားခြင်းများ ပြုလုပ်သူများ အား အာဏာပိုင်အဖွဲ့အစည်းများက ဖမ်းဆီး အရေးယူလျက်ရှိသည်။ 

အလားတူ နွေဦးတော်လှန်ရေး အင်အားစုများကလည်း တော်လှန်ရေးနှင့်ပတ်သက်ပြီး ဝေဖန်ခြင်းနှင့် အားမပေး ခြင်း ရေးသားသူများကို အသက်အန္တရာယ် ခြိမ်းခြောက်သည်အထိ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ 

 ဒီမိုကရေစီတောင်းဆိုနေကြစဉ်(ဓာတ်ပုံ- ဖရွန်းတီးယားမြန်မာ)

လုံခြုံရေး ခြိမ်းခြောက်မှုများ မြင့်မားနေသ၍ လွတ်လပ်ခွင့်က နောက်တန်း ရောက်နေမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လုံခြုံရေး ခြိမ်းခြောက်မှုတွေ မြင့်မားနေသမျှ ကာလပတ်လုံး ခုန လွတ်လပ်ခွင့် ဆိုတာတွေက နောက် တန်း ရောက်နေမှာပဲ၊ ဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေးနဲ့အတူ လုံခြုံရေး ခြိမ်းခြောက်မှုတွေ လျော့ပါးသွားပြီ ဆိုရင် ဒါလွတ်လပ်စွာ ပြောဆိုခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ စီတန်းလှည့်လည်ခွင့် စတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ က ပြန်ပြီးတော့ ပွင့်လင်းလာမယ်။ မဟုတ်ရင်တော့ ဒါပဋိပက္ခ မြင့်မားလေလေ လုံခြုံရေးက‌ ရှေ့တန်းရောက်လေ လေ ဖြစ်မှာပဲ။ အဲ့တော့ လုံခြုံရေးကာလမှာ ဥပမာဆိုရင်တော့ မာရှယ်လော ပြဋ္ဌာန်းတဲ့ ကာလတွေမှာ သက်ဆိုင် ရာ တပ်မှူးရဲ့အမိန့်က ဥပဒေဖြစ်သွားရော။ အဲ့လိုမျိုး ကျင့်သုံးရတဲ့ အခါမှာတောင်မှ ချင့်ချင့်ချိန်ချိန်နဲ့ သူရဲ့လုပ်ပိုင် ခွင့်ကို ထိန်းထိန်းသိမ်း ကျင့်သုံးဖို့ လိုတယ်ပေါ့။ မာရှယ်လော ဧရိယာတွေ တဖြည်းဖြည်းနဲ့ လျှော့နည်းသွားလို့ရှိရင် တရားဥပဒေစိုးမိုးတဲ့ ဧရိယာတွေ ပြန်ပြီးတော့ ပေါ်ပေါက်လာမယ် အဲ့ဒါမှသာလျှင် ပြည်သူတွေအတွက် ဒါလွှတ် တော် ကိုယ်စားလှယ် ရုံးခန်းတွေဟာလည်းပဲ လာပြီးတော့ ရင်ဖွင့်နိုင်တဲ့၊ ဆွေးနွေးနိုင်တဲ့ နေရာတွေ ဖြစ်လာမယ်။ အဲ့တော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကနေတဆင့် လွတ်လပ်ခွင့် ထိန်းချုပ်တာ ခြိမ်းခြောက်တာမျိုးတွေ ဖြစ် လာရင်လည်း အရေးဆိုနိုင်တဲ့ အခြေအနေတွေ ပေါ်လာနိုင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ခြင်း မရှိသေးသရွှေ့ သို့မဟုတ် အရပ်သား အစိုးရ မပေါ်ပေါက်သေးသရွှေ့ ပြည်သူလူထု၏ လွတ်လပ်ခွင့်နှင့် ထုတ်ဖော် ပြောဆိုပိုင်ခွင့်သည် ကန့်သတ်ခံနေရဦးမည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။