CNI News 

၂၀၂၅ ခုနှစ်၊ မေလ ၇

နစကကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လက်မခံဘူးဆိုလျှင် ဖျက်သိမ်းပြီး မာရှယ်လော (စစ်အုပ်ချုပ်ရေး)နှင့် အုပ်ချုပ်သည့် ကာလကိုပဲ ဆက်နေသွားမည်လား စဉ်းစားရမည်ဟု ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နစက,က အာဏာရယူထားခြင်းကြောင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံမလား၊ လက်မခံ ဘူးလား စဉ်းစားရန်လိုအပ်ကြောင်း၊ လက်ခံပါက မည်သို့ဖြစ်မလဲနှင့် လက်မခံလျှင့် မည်သို့ဖြစ်မလဲ လက်တွေ့ကျ ကျ စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီးက “ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး လက်မခံဘူးဆိုရင် ဖျက်သိမ်းလိုက်ရမလား ဖျက်သိမ်းလိုက်ပြီ ဆိုရင် ၁၉၈၈ က ၁၉၇၄ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးမှ မာရှယ်လော(Martial Law) နဲ့ အုပ်ချုပ်တဲ့ကာလဟာ ၂၀၁၀ အထိ အဲတော့ ကျနော်တို့က ငြင်းပယ်တာထိကတော့ ဟုတ်ပြီ။ ဒါမကြိုက်ဘူး  ဒါမတရားဘူးလို့ထင်တယ် ဒါကို လက်မခံဘူး။ ဖြစ်လာမယ့် အကျိုးဆက်ကို ကျနော်တို့ ဘယ်လိုဖြေရှင်းမလဲဆိုတာပါ စဥ်းစားဖို့လိုတယ်။ ဒါကြောင့် မို့လို့ ကျနော်တို့က နိုင်ငံရေးပါတီ တည်ထောင်တယ်ဆိုတဲ့ အခါမှာ တချို့ဟာတွေမှာ ပကတိတရားအရ လက်ခံ လိုက်ရတယ်၊ သို့သော် လက်ရှိအခြေအနေကို ကြိုက်လို့မဟုတ်ဘူး လက်ခံပြီးတော့မှ မကြိုက်တဲ့ အခြေအနေတွေ ကို ပြုပြင်ပြောင်းလဲယူမယ်ဆိုတဲ့ နည်းလမ်းကို စဥ်းစားရမယ်။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာ အရေးပေါ် အခြေအနေ ကြေညာထားသမျှ ကာလပတ်လုံး အာဏာ ၃ ရပ်ဟာ လူပုဂ္ဂိုလ်တစ်ယောက်ထဲ လက်ထဲမှာရှိတယ် အဲဒီဟာကို ကျနော်တို့က အပြုတ်တိုက်နိုင်တယ် ဖယ်ရှားနိုင်တယ်ဆိုတာကတော့ ဒါတော်လှန်ရေးနည်းလမ်းပေါ့ အဲတာလည်း ကျနော်တို့ ၄ နှစ်ကျော်လာခဲ့ပြီ ကျနော်တို မျှော်လင့်ချက်တွေလည်း လုပ်ပေးခဲ့ပြီးပြီ” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲထည့်နေစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ ၍ အရေးပေါ်အခြေအနေ ကြေညာပြီ အုပ်ချုပ်လျက်ရှိသည်။

အဆိုပါ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံတွင် စစ်ဘေး၊ ကိုဗစ်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး စသည့် ဘေးဒုက္ခပေါင်းများစွာကို ပြည်သူလူထုက ရင်ဆိုင်ကျော်ဖြတ်နေရကြောင်း၊ ထို့နောက် လူထုက ဆင်းရဲဒုက္ခများလာလျှင် ပေါက်ကွဲမှုများဖြစ်မလား ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ(PP) ဦးကိုကိုကြီးက ပြောသည်။

၎င်းက “သဘောထားကွဲလွဲတဲ့ အင်အားစု အနေနဲ့ကလည်း တစ်ခုခုပြောရင် ဒီရွေးကောက်ပွဲ မတရားဘူး ရွေးကောက်ပွဲကို ဆန့်ကျင်မယ်ဆိုတာထက် ကျယ်ပြန့်တဲ့ အဖြေချပြဖို့လိုတယ်။ ဆန့်ကျင်လည်း ဘာလုပ်မှာ လည်း မပျက်ဘူးဆိုရင် ရော ဘာလုပ်မလည်း သဘောက အဲတော့ ကျနော်တို့က ဖျက်တယ် ရွေးကောက်ပွဲ မလုပ် ဘူး။ ၆ လတစ်ကြိမ် ၆ လတစ်ကြိမ် ဒီလိုဘဲ သက်တမ်းတိုးမယ် ဘယ်လိုလုပ်မလဲ၊ ဒီဖွဲ့စည်းပုံဖျက်လိုက်ပြီ မာရှယ်လော (Martial Law) အောက်မှာ လုံးလုံးလားလား ဆက်ပြီးတော့ သွားမယ်ဆိုရင် ဘာလုပ်မလဲဆိုတော့ အဲတာတွေကို ပြည်သူတွေကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်။ ပြည်သူတွေဘက်ကလည်း ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ဒီလိုမျိုး လူအုပ်ကြီးဝါဒနဲ့ သွားနေမဲ့အစား တစ်ဦးချင်းက မှန်မှန် ကန်ကန် ရွေးချယ်ဆုံးဖြတ်ပြီးတော့ ပြည်တွင်းနိုင်ငံရေး အကြမ်းမဖက်နည်းကို အားကောင်းလာအောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်

အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်နှင့်နစကကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရအဖွဲ့(NUG)ကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဟု ထုတ် ပြန်ထားသည်။

သို့သော် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံလျက်ရှိသလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ရွေးကောက်ပွဲ ကျင်းပ ၍ ကျော်လွှားမှရမည်ဟု လက်ခံထားသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက နစကသည် နိုင်ငံတော်တစ်ဝန်း အရေးပေါ် အခြေအနေ ကြေညာထားမှုအား ၆ လတစ်ကြိမ် ဆက်တိုက် သက်တမ်းတိုး၍ အကန့်အသတ်မရှိ အုပ်ချုပ်သွားနိုင်သည်။