CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ 

လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် မှတ်ပုံတင် ခွင့်ပြုထားသော နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ်များ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် UEC ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် ပြည်သူများ ၏ လူမှုဘဝများအတွက် ရွေးကောက်ပွဲသည် အရေးကြီးကြောင်း ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကတော့ ရွေး‌ကောက်ပွဲစနစ်နဲ့ ပတ်သတ်တဲ့ ကိစ္စပေါ့၊ အဲတော့ အရင်ကတော့ နိုင်သူအကုန်ယူပေါ့၊ အဲတော့ FPDP နဲ့ ကျင်းပတာကနေပြီးတော့ PR နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာလည်း ဆွေးနွေး ညှိနှိုင်းမှုတွေ ရှိတယ်။ ဖြစ်နိုင်ချေရှိတာကတော့ ၂ မျိုးစပ်
ပေါ့၊ နဂို FPDP နဲ့ ကျင်းပတဲ့ဟာလည်းရှိမယ်၊ PR နဲ့ ကျင်းပတာလည်း ရှိမယ်၊ သို့သော် ဒါတွေက အသေးစိတ် ဥပဒေ၊ နည်းဥပဒေတွေ ထွက်တဲ့အခါကျမှပဲ ကျနော်တို့ တိတိကျကျ သိရမယ်ပေါ့နော်။ အဲတော့ သေချာတာကတော့ အခိုင်အမာ ပြောနိုင်တာက ၂၀၂၅ ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကတော့ ကျနော်တို့ အခိုင်အမာ ကတိပြုတယ်ပေါ့နော်၊ အဲတော့ ကျနော်တို့က ၂၀၂၅ ရွေး‌ကောက်ပွဲ လုပ်ပြီးသွားရင် လာမယ့် ၅ နှစ်တာ သက်တမ်း အတောအတွင်းမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်တို့၊ ပြီးတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံတော်ရဲ့ ကိုယ်စားလှယ်ကိစ္စတို့ အစရှိတဲ့ကိစ္စတွေကိုပါ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနော် အဲတာကို ပြန်ပြီးတော့ တည်ဆောက်နိုင်ဖို့အတွက် အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ တစ်ဖက်ကလည်း ပြည်သူတွေရဲ့ လုံခြုံမှုကင်းမဲ့နေတဲ့ အခြေအနေ၊ စားဝတ်နေရေး၊ ကုန်စျေးနှုန်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်း အဲတာတွေ အားလုံးဟာ ဒီရွေးကောက်ပွဲကနေပြီးတော့ ဖြစ်ပေါ်လာမယ့် အစိုးရအနေနဲ့ အာဏာခွဲဝေမှု ပုံသဏ္ဍာန် ပြန်ပေါ်လာပြီး‌တော့မှ ဆက်လက်ပြီး ဆောင်ရွက်သွား လို့ ရမယ်လို့ ကျနော်တို့ အဲလိုမြင်ပါတယ်ဗျ” ဟု ပြောသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

လာမည့် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအား ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များအား စောင့်ကြည့်လေ့လာခွင့်ပြုမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။

ထို့ပြင် သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် လွှတ်တော်တစ်ရပ်အား ဖော်ဆောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အရည်အချင်းရှိသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်စေရန် နိုင်ငံရေးပါတီများ အနေ ဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ကြိုတင်ရွေးချယ် လေ့ကျင့်ပေးရန်လိုအပ်ကြောင်း UEC ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် အားလုံးအတွက် လိုအပ်ကြောင်းနှင့် နိုင်ငံတကာကလည်း ကြိုဆိုအပ်ကြောင်း  ရခိုင့်ဦးဆောင် ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နစကရဲ့ ရည်မှန်းချက်ပေါ့ဗျာ၊ ရှေ့လုပ်ငန်းစဥ်ထဲမှာ ရွေးကောက်ပွဲဟာ အဓိက အက္ခရာကျတာပေါ့၊ အဲတော့ အရေးပေါ်ကာလ ဥပဒေပြဋ္ဌာန်းချက်ကိုကြည့်ရင် ကာကွယ်ရေးဦးစီးချုပ်ကို ခေတ္တအာဏာ အပ်နှင်း တယ်။ တည်ငြိမ်အေးချမ်းပြီးမှ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခင်းအကျင်းဖြစ်အောင် ဖန်တီးပေးရတယ်။ အဲဒီ သဘောကို နားလည်ရင် ရွေးကောက်ပွဲဆိုတာသည် လက်ရှိကာလ တပ်မတော်ခေတ္တယူထားတဲ့ ကာလကို ဒီမိုကရေစီ အသွင်းကူးပြောင်းရေး အစိုးရတစ်ရပ် ပေါ်ထွန်းအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်း၊ တစ်နည်းအား ဖြင့် အခြေခံဥပဒေပါ ပေးထားချက်ကို ခင်ဗျားတို့လည်း သ‌ဘောပေါက်တယ်ဆိုရင် ရွေးကောက်ပွဲသည် အားလုံး အတွက် လိုအပ်တယ်၊ နစကအတွက်လည်း လိုအပ်တယ်၊ လူထုအတွက်လည်း လိုအပ်တယ်၊ နိုင်ငံရေးပါတီများ အတွက်လည်း လိုအပ်တယ်။ အခြေခံဥပဒေရဲ့ ပေးထားချက်ဖြစ်တယ်၊ နိုင်ငံတကာကလည်း ကြိုဆိုအပ်တယ်ဆို တာ တစ်ခုကို တွေ့မှာပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ သည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာ အကဲခတ်များအားလည်း ဖိတ်ခေါ် မည်ဟု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် တရုတ်ဝန်ကြီးချုပ် လီချန်နှင့် တွေ့ဆုံစဥ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တရုတ်အစိုးရက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆန္ဒပြုကူညီနိုင်မည်ဟု ပြောကြား ထားသလို ရုရှားနိုင်ငံကလည်း မြန်မာ့ရွေးကောက်ပွဲကို ကူညီမည့်အကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။