CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ ပြီးနောက် ပါတီအများစုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကြိုတင်မဲများဖြင့် ရှုံးနိမ့်ခဲ့ကြသည်။

ကြိုတင်မဲနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းသည်ဟုဆိုကာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ပါတီ (PP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်‌ရေးပါတီတို့မှ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့ အကြောင်းကြားထားသည်။

ရွေးကောက်ပွဲ မဲပေးသည့်ရက်တွင် ဥပဒေအရ ကြိုတင်မဲပေးမှု မည်မျှရှိသည်ဆိုသော စာရင်းအား မဲရုံတွင် ကပ် ထားရမည် ဖြစ်သော်လည်း မဲရုံအများစုတွင် ထိုသို့ လုပ်ဆောင်ခြင်းမျိုး မတွေ့ရသဖြင့် မည်သူတို့က ကြိုတင်မဲ ပေးကြသည်ကို ပါတီများအနေဖြင့် မသိရကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြိုတင်မဲ ပေးတယ်ဆိုတာ ကျနော်တို့ ဘယ်သူတွေ ပေးတယ်ဆိုတာ မသိဘူးလေ။ ကျနော်တို့ မသိရ သေးဘူး။ မသိရဘူး။ နောက်ပြီးတော့ လာပေးတဲ့အချိန်မှာ ကြိုတင်မဲတွေက စာရင်းဇယားလည်း မသိဘူး။ အမှန် က ဘယ်သူတွေ ကြိုတင်မဲ ပေးတယ်ဆိုတာ ကပ်ထားတယ်လို့ ပြောတာလေ။ ဒါပေမယ့် မကပ်ဘူးလေ။ ကပ် ထားရမှာကို မကပ်ထားဘူးလေ။ စာရင်း အတိအကျနဲ့ ထွက်ရမှာပေါ့။ နောက်ပြီးတော့ မဲပေးမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ သို့မဟုတ် ပါတီတွေ ခေါ်ရမှာပေါ့။ ကျနော်တို့ နည်းနည်းတော့ ကြားတာ‌တော့ ထိရောက်မှု ရှိမယ်လို့ထင်တာပဲ ကျနော်တို့ တင်လိုက်တဲ့ စာကတော့။ ကျနော်တို့ မီဒီယာတွေမှာလည်း ပြောနေ တာကိုလေ” ဟု ပြောသည်။

 စိုင်းအိုက်ပေါင်းနဲ့ ဦးကိုကိုကြီးကိုတွေ့ရစဉ် 

ကြိုတင်မဲ ကောက်ယူရာတွင်လည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီများကို အကြောင်းကြားခြင်း မရှိကြောင်း၊ ကြိုတင် မဲများကို ရေတွက်သည့် အခါမှသာ သက်ဆိုင်ရာ နိုင်ငံရေးပါတီများအား ဖိတ်ခေါ်ကြောင်း သိရသည်။

ထိုသို့ ရေတွက်ချိန်တွင် ပါတီများ အနေဖြင့်လည်း မဲဆွယ်စည်းရုံးရေး ကိစ္စများကြောင့် သွားနိုင်သည့်အချိန်ရှိ သကဲ့သို့၊ မသွားနိုင်သည့် အချိန်မျိုးလည်းရှိခဲ့ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျနော်တို့ကို ကျယ်ကျယ်ပြန့်ပြန် နည်းနည်းလိုက်ပြီးတော့ အသိပေးသင့်တယ်ပေါ့လေ။ ကျနော်တို့ ပါတီတွေကိုပေါ့။ ပါတီတွေကို ကျယ်ကျယ်ပြန့်ပြန့် အားလုံးစေ့စေ့စပ်စပ် လိုက်ပြီးအသိပေးပြီးတော့မှ မဆောင် ရွက်ဘူး၊ အလေးမထားဘူးဆိုရင်တော့ တစ်ပိုင်းပေါ့။ အဲဒါလေးတစ်ချက်။ အဲဒီကြိုတင်မဲ ပေးတဲ့အချိန်မှာ ခေါ် တော့ ခေါ်ပါတယ်။ ကျနော်တို့ဆီကို ခေါ်တော့ခေါ်တယ်။ လာကြည့်ကြပါ၊ ကျနော်တို့ ပါတီတွေကလည်း သွားနိုင် တဲ့ အချိန်ရှိတယ်၊ မသွားနိုင်တဲ့ အချိန်တွေက နည်းနည်းများတယ်။ ဘာလို့ဆိုရင် စည်းရုံးရေး ကိစ္စတွေက နည်း နည်းလေး ပိုပြီးတော့ အလေးထားရမယ့် အနေအထားမျိုး ရှိနေတာကို။ အဲဒီလိုလေးတော့ နည်းနည်းပြောချင် တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီသည် ရွေးကောက်ပွဲများ သမာသမတ်ရှိရန်နှင့် လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရန် အရေးကြီး သောကဏ္ဍမှ ပါဝင်နေသဖြင့် ယခုကဲ့သို့ တင်ပြမှုသည် ကောင်းမွန်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင် သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် တရားမဲ့ပြုကျင့်မှုရှိသည့် နေရာအချို့ကိုလည်း တွေ့ရသဖြင့် ထိုကိစ္စများအပေါ် ရွေးကောက်ပွဲကော်မရှင် က ဥပဒေအတိုင်း ကိုင်တွယ်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်

ဒေါက်တာညိုညိုသင်းက “နောင်လာမယ့် အနာဂတ် ရွေးကောက်ပွဲတွေမှာ အထောက်အပံ့ ဖြစ်စေတယ်။ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ကလည်း အောက်ခြေက အားနည်းချက်တွေကို သေသေချာချာ အခုထက်ပို ပြီးတော့ ကြီးကြပ်နိုင်မယ်လို့ ယူဆတယ်။ ဒီပါတီကြီး ၃ ခု တင်ပြချက်တွေအပေါ်မှာ အခြေခံပြီးတော့လေ။ ဒါကြောင့်မို့လို့ အန်တီကတော့ ဒီလိုမျိုး နိုင်ငံရေးပါတီ ၃ ခုက အခုလို မြေပြင် အခြေအနေတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခြင်းကို အပြုသဘောနဲ့ ကြိုဆိုသင့်တယ်။ ဒါကို အန်တီက အားပေးတယ်။ ဘာလို့ဆို သူတို့ တွေကသာ မတင်ပြရင် ‌ရွေးကောက်ပွဲကော်မရှင်က မြေပြင်မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို သိမှာမဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့လည်း သိမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ အခုလိုတင်ပြတဲ့ အပေါ်မှာ ကြိုဆိုတယ်ပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကိုတော့ အားလုံးက အသိအမှတ်ပြုကြရမှာ ဖြစ်တယ်ပေါ့ များသောအားဖြင့်။ တရားမဲ့ ပြုကျင့်မှုရှိတဲ့ နေရာတွေ တချို့နေရာတွေလည်း အန်တီတို့ တွေ့ရတယ်ပေါ့။ ဒါတွေကလည်း ရွေးကောက်ပွဲကော်မရှင်က ဥပဒေအတိုင်း ကိုင်တွယ်လိမ့်မယ်လို့ အန်တီက မျှော်လင့်ပါတယ်” ဟု ပြောသည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၇ နှင့် နည်းဥပဒေပါ လုပ်ထုံး လုပ်နည်းများနှင့်အညီ နိုင်ငံ ပြင်ပသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်များ၏ ကြိုတင်မဲ ပေးခြင်းကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ မြန်မာ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး အသီးသီးက ဆောင်ရွက်ခဲ့သည်။

ထိုကြိုတင်မဲရလဒ်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍  ကြိုတင်ဆန္ဒမဲ စာအိတ်များကို ဖွင့်ဖောက်၍ ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြကြောင်း UEC က ထုတ်ပြန်ထားသည်။

 နိုင်ငံရေးပါတီများတွေ့ဆုံကြစဉ်

ထို့ပြင် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပသို့ ရောက်ရှိနေသော  မဲဆန္ဒရှင်များ၏ ကြိုတင်မဲများကို လည်း နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီမတိုင်မီ ရောက်ရှိလာ သည့် ကြိုတင်မဲများအား ရေတွက်ခဲ့ကြကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့ ကိုယ်တိုင် မလာရောက်နိုင်သည့် မဲဆန္ဒရှင်များအတွက် ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် သတ်မှတ်ပေးခဲ့ကာ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီ မဲရုံမဖွင့်မီ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ နည်းဥပဒေနှင့်အညီ စနစ်တကျ အပ်နှံခဲ့ကြောင်း UEC က ထုတ်ပြန်သည်။

ထိုကြိုတင်မဲစာရင်း ရလဒ်များအား အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကပ်ထား ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း UEC က ရှင်းလင်းချက် ထုတ်ပြန်ထားသည်။

ထိုသို့ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ကြိုတင်မဲများနှင့်ပတ်သက်၍ ဝေဖန်ထောက်ပြ အငြင်းပွားစရာများ ဖြစ်ပွား ခဲ့ပြီးနောက် ရွေးကောက်ပွဲ အပိုင်း(၂)အတွက် ကြိုတင်မဲနှင့် စပ်လျဉ်း၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၊ နိုင်ငံရေးပါတီများကို လာရောက် ခေါ်ယူခြင်းများရှိကြောင်း သိရသည်။

ထို့ကြောင့် အပိုင်း (၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည်လည်း ကြိုတင်မဲများနှင့် စပ်လျဉ်း၍ လိုက်ပါ လေ့လာစောင့်ကြည့် နေရကြောင်းလည်း သိရသည်။