CNI International News
ကာရာကက်စ်၊ ဇန်နဝါရီ ၅
အမေရိကန်စစ်တပ်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မက်ဒူရို (Nicolás Maduro) ကို ဇန်နဝါရီ ၃ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို မည်သူက အုပ်ချုပ်နေသနည်းဆိုသည့် မေးခွန်းကို ဗင်နီဇွဲလား ပြည်သူများကြား စိတ်ရှုပ်ထွေးစွာဖြင့် သိရှိရန် ကြိုးပမ်းနေကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
လူဦးရေ ၂၉ သန်းရှိသော ဗင်နီဇွဲလားနိုင်ငံတွင် အောင်မြင်မှု မရှိခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုများ၊ စစ်တပ် အတွင်း ပုန်ကန်မှုများ၊ လူထုဆန္ဒပြပွဲများနှင့် စီးပွားရေး ပိတ်ဆို့မှုများကို ကျော်ဖြတ်ကာ အာဏာတည်မြဲခဲ့သည့် အာဏာရှင် မာဒူရိုသည် လက်ရှိတွင် အမေရိကန်၌ ထိန်းသိမ်းခံထားရသည်။
“မနက်ဖြန် ဘာတွေဖြစ်လာမှာလဲ” ဟု ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ် (Caracas) မြို့တော်တွင် နေထိုင်သူ တစ်ဦးဖြစ်သည့် ဟွမ် ပါဘလို ပက်ထရိုနီ (Juan Pablo Petrone) က ပြောကြားခဲ့သည်။
မြို့တော်အတွင်း ကြောက်ရွံ့မှုများ လွှမ်းမိုးနေပြီး ကုန်တိုက်များနှင့် ဓာတ်ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေ သည့် လူတန်းရှည်ကြီးများမှလွဲ၍ လမ်းမများပေါ်တွင် လူသူကင်းမဲ့သွားခဲ့သည်။

ဗင်နီဇွဲလား ဒုသမ္မတကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ဗင်နီဇွဲလားပြည်သူများ သိချင်နေသည့် အဖြေတစ်ခုကို ပေးခဲ့သည်။
ထိုအဖြေမှာ အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ခြင်း ဖြစ်ပြီး မာဒူရို၏ အယုံကြည်ရဆုံး လက်ထောက်တစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်ဖွယ် ရှိနေသည်။
သမ္မတရာထူး ဆက်ခံရန် အစီအစဉ်အရ ဒုတိယနေရာတွင် ရှိနေသည့် ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) သည် ၂၀၁၈ ခုနှစ်ကတည်းက မာဒူရို၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သူသည် ဗင်နီဇွဲလား၏ ရေနံအပေါ် အခြေခံသော စီးပွားရေးနှင့် ကြောက်မက်ဖွယ်ကောင်းသော ထောက်လှမ်းရေး ဌာနကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ဇန်နဝါရီ ၃ ရက်တွင် ဗင်နီဇွဲလား တရားရုံးချုပ်က ဒယ်လ်စီအား ယာယီသမ္မတအဖြစ် တာဝန်ယူရန် အမိန့်ထုတ်ပြန်ခဲ့သည်။
“ဗင်နီဇွဲလားနိုင်ငံကို ပြန်လည်ကြီးကျယ် ခမ်းနားလာအောင် လုပ်ဆောင်ဖို့အတွက် ကျနော်တို့ တွေးထားတာတွေ ကို လုပ်ဆောင်ဖို့ သူ့ (ဒယ်လ်စီ) မှာ ဆန္ဒရှိပါတယ်” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒယ်လ်စီသည် ထရမ့်၏ ပထမသက်တမ်း ကာလအတွင်း ဗင်နီဇွဲလား၏ ဒီမိုကရေစီစနစ်ကို ထိခိုက်စေရန် လုပ်ဆောင်ခဲ့မှုကြောင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများ ခံခဲ့ရသူဖြစ်သည်။
ယခုအခါတွင် ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံနှင့် ပတ်သက်သည့် ၎င်း၏ အစီအစဉ်များကို အကောင်အထည် ဖော်ရန် အတွက် ဒယ်လ်စီနှင့် ပူးပေါင်းဆောင်ရွက်ဖွယ်ရှိ နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: အေပီ
