CNI International News

ကာရာကက်စ်၊ အောက်တိုဘာ ၁၄

ဗင်နီဇွဲလားအာဏာပိုင်များက သမ္မတ နီကိုလပ်စ် မာဒူရိုကို (Nicolas Maduro) ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည် မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ၄ ဦး၊ စပိန်နိုင်ငံသား ၂ ဦးနှင့် ချက်နိုင်ငံသား ၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။

ယခုဖမ်းဆီးရမိသူများသည် မာဒူရိုကို ဖြုတ်ချလိုသည့် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) နှင့် စပိန်ထောက်လှမ်းရေးအေဂျင်စီတို့၏ အစီအစဉ်တွင် ပါဝင်သော ပြည်ပနိုင်ငံသားများနှင့် ဆက်နွှယ်မှုရှိကြောင်း ဗင်နီဇွဲလားအစိုးရက ပြောကြားခဲ့သည်။

အမေရိကန်နှင့် စပိန်အစိုးရများကမူ ဗင်နီဇွဲလား၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

မာဒူရိုကို ဖမ်းဆီးရမိပါက သို့မဟုတ် တရားစီရင်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေရန် သတင်းပေးမည်ဆိုပါက ဆုကြေးငွေ ၁၅ သန်းပေးမည်ဟု အမေရိကန်က ဆုကြေးငွေထုတ်ခဲ့သဖြင့် ယခုဖမ်းဆီးရမိသူများသည် မာဒူရိုအား ဖြုတ်ချမည့် ကြံစည်မှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယော့စ်ဒါဒို ကာဘယ်လို (Diosdado Cabello) က ပြောကြားခဲ့သည်။

ထိုပူးပေါင်းကြံစည်မှုတွင် အမေရိကန်၏ Navy SEAL တပ်ဖွဲ့ဝင် ဝီလ်ဘတ် ကက်စ်တာနီဒါ (Wilbert Castaneda) ပါဝင်ခဲ့ပြီး အမေရိကန်လုပ် လက်နက်များကိုလည်း ဗင်နီဇွဲလားအာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်ဟု ကာဘယ်လိုက ပြောသည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ထောက်ခံသူများကို တွေ့ရစဉ်

ကက်စ်တာနီဒါသည် ထိုပူးပေါင်းကြံစည်မှု၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ဗင်နီဇွဲလားက ပြောကြားခဲ့သည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) ကမူ ကက်စ်တာနီဒါသည် Navy SEAL တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သော်လည်း ဗင်နီဇွဲလားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်သည် ကိုယ်ရေးကိုယ်တာအရ သွားရောက်သည့် ခရီးစဉ်သာဖြစ်ပြီး တာဝန်နှင့်သွားရောက်ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။

ထို့ပြင် ကက်စ်တာနီဒါသည် အမေရိကန်-မက္ကဆီကို နိုင်ငံသားနှစ်မျိုး ခံယူထားသူဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဗင်နီဇွဲလားအာဏာပိုင်များ၏ ပြောကြားချက်များကို သီးခြားအတည်ပြုရန် ခက်ခဲသော်လည်း လေ့လာစောင့် ကြည့်သူများကမူ မာဒူရိုသည် ပြည်တွင်း ဩဇာလွှမ်းမိုးမှုကို ရရှိရန် နည်းဗျူဟာ အဟောင်းများကို အသုံးပြုနေ ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်းကလည်း မာဒူရိုက အမေရိကန်သည် ၂၀၁၈ ခုနှစ်က လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်း မှု၊ အာဏာသိမ်းရန် ကြိုးပမ်းမှုများ အပါအဝင် ဗင်နီဇွဲလား၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေကြောင်း မကြာခဏ စွပ်စွဲခဲ့ဖူးသည်။

Source: CNN