CNI International News
ဟနွိုင်း၊ ဇွန်လ ၁၅
ဇွန်လ ၈ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်း (Hanoi) မြို့တော်ရှိ နိုင်ငံတော် ညစာစားပွဲတွင် ထိုင်းဝန်ကြီးချုပ် အနူတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က ဗီယက်နမ်ရိုးရာ t’rung ဝါး ပတ္တလားဖြင့် တေးသံတစ်ခုကို တီးခတ်ပြခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် သံတမန်ရေးရာနှင့် အနုပညာကို မျှတစွာ ပေါင်းစပ်ထားသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
သို့သော် အမှန်တကယ် အနှစ်သာရရှိသော ရလဒ်များသည် အစည်းအဝေး ခန်းများအတွင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အနူတင်နှင့် ဗီယက်နမ် ခေါင်းဆောင်များအကြား နှစ်ရက်ကြာ ဆွေးနွေးမှုများ အပြီးတွင် လာမည့် ၄ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံအထိ ၂ ဆနီးပါး မြှင့်တင်ရန်နှင့် ရေရှည်တွင် ထိုပမာဏ ထက် နောက်ထပ် ၂ ဆ ထပ်မံတိုးမြှင့်ရန် ကတိကဝတ်ပြုခဲ့ကြသည်။
လျှပ်စစ်ပစ္စည်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ကဏ္ဍများတွင် ထောက်ပံ့ရေး ကွင်းဆက်များကို အတူတကွ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်သွယ်မှု အတားအဆီးများကိုလည်း ဖယ်ရှားပေးသွားမည်ဖြစ်သည်။
ထိုကဲ့သို့ ရင်းနှီးချစ်ကြည်မှုများ၏ နောက်ကွယ်တွင်မူ အဓိက အကြောင်းရင်းများရှိနေသည်။

ဗီယက်နမ်သမ္မတ တိုလမ်နဲ့ ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်
ထိုအကြောင်းအရင်များမှာ အမေရိကန်၏ အခွန်တိုးကောက်မှုနှင့် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများနှင့် ကုန်စည်ဈေးနှုန်းများ အဆမတန် မြင့်တက်မှုတို့ဖြစ်သည်။
ထိုပြဿနာများကို အလူးအလဲခံနေရသည့် ထိုင်းနှင့် ဗီယက်နမ်တို့သည် နှစ်နိုင်ငံ အတူတကွ လက်တွဲမှသာလျှင် ပိုမိုကြံ့ခိုင် အားကောင်းလာလိမ့်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ခြင်းဖြစ်သည်။
ဟနွိုင်းမြို့တွင် ပြုလုပ်သည့် ထိပ်သီး အစည်းအဝေးသည် ဗီယက်နမ်သမ္မတ တိုလမ် (To Lam) ၏ ဘန်ကောက် မြို့သို့ ပထမဆုံးအကြိမ်အဖြစ် လာရောက် လည်ပတ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်ခန့် အကြာ၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အရှေ့တောင်အာရှ၏ ဒုတိယနှင့် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံများ၏ ခေါင်းဆောင်များအကြား ရက်ပိုင်း အတွင်း အပြန်အလှန် ခရီးစဉ်များ သွားရောက်ပြီး တွေ့ဆုံခဲ့ခြင်းသည် ထူးခြားသော ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။
"အခြေခံစည်းမျဉ်းတွေအပေါ် အခြေခံထားတဲ့ ကုန်သွယ်မှုစနစ် ပျက်ပြားလာတာ၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များ ပုံစံပြောင်းလဲလာတာနဲ့ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာတာတွေကြောင့် နှစ်နိုင်ငံ စလုံးဟာ ပြင်ပကလာတဲ့ တူညီတဲ့ ရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်" ဟု ဘန်ကောက်မြို့ရှိ သမ္မာဆတ် စီးပွားရေးတက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပါမောက္ခ၊ စီးပွားရေးပညာရှင် ပဝီဒါ ပန်နာနွန် (Pavida Pananond) က ပြောကြားခဲ့သည်။
Source: South China Morning Post
