CNI International News

ဘန်ကောက်၊ မေလ ၁၉

အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိရောက်နေမှု အတွင်းမှာ ထိုင်းအစိုးရက စီးပွားရေးကိုမြှင့်တင်ရန် ကြိုးပမ်းနေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် အီရန်စစ်ပွဲ၏ ဂယက်ရိုက်ခတ်မှုများကို ကာကွယ်ရန်အတွက် အစီအမံများ လုပ်ဆောင်နေချိန်တွင် ထိုင်းနိုင်ငံကလည်း လာမည့်လတွင် ဘတ်ငွေ ၄၀၀ ဘီလျံ တန်ဖိုးရှိ အရေးပေါ် ချေးငွေဆိုင်ရာ အမိန့်ဖြင့် စီးပွားရေးလှုံ့ဆော်မှု ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုင်းတွင် အစိုးရသစ် စတင် တာဝန်ယူခဲ့ပြီးနောက် ၂ လနီးပါး ကြာမြင့်လာချိန်၌ စီးပွားရေးလှုံ့ဆော်မှုဆိုင်ရာ စီမံချက်များကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် အရေးပေါ် ချေးငွေဆိုင်ရာ အမိန့်ထုတ်ပြန်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ယခုကဲ့သို့ အရေးပေါ် ချေးငွေဆိုင်ရာ အမိန့်ဒီကရီ ထုတ်ပြန်ခြင်း၏ ခိုင်လုံသော အကြောင်းပြချက်ကို ဝေဖန်ရေး သမားများက မေးခွန်းထုတ်နေကြပြီး၊ ထိုအရေးပေါ် ချေးငွေဖြင့် စီးပွားရေး လှုံ့ဆော်မှုဆိုင်ရာ ကြိုးပမ်းချက်များ သည် ရေရှည်ကြုံတွေ့နေရသော အကျပ်အတည်းကို ဖြေရှင်းရန် လုံလောက်မှု ရှိ၊ မရှိ သံသယဖြစ်နေကြသည်။

ထိုင်းနိုင်ငံရဲ့ ချေးငွေအတိုးနှုန်းကို ပြသထားစဉ်

ထို့ပြင် ယခုကဲ့သို့ ငွေကြေး အလုံးအရင်းဖြင့် စီးပွားရေးကို လှုံ့ဆော်ခြင်းသည် ထိလွယ်ရှလွယ်ရှိသည့် စီးပွားရေး အခြေအနေအတွက် ငွေကြေးဖောင်းပွမှု အန္တရာယ်ကို ပိုမိုမြန်ဆန်လာစေနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြနေကြသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင် ကြောင်း၊ အရှေ့အလယ်ပိုင်းစစ်ပွဲ ရေရှည်ကြန့်ကြာလာမှုကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာကာ ဝန်ထမ်းအင်အား လျှော့ချမှုများလည်း ပိုမိုများပြားလာနိုင်ကြောင်း ကာစီကွန်း သုတေသနစင်တာ (K-Research) က ခန့်မှန်းခဲ့သည်။

“ထိုင်းနိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ နှစ်မျိုးစလုံးအတွက် အရှေ့အလယ်ပိုင်းဒေသကနေ စွမ်းအင်တင်သွင်းမှု အပေါ် အလွန်အမင်း မှီခိုနေရတာ ဖြစ်ပါတယ်”ဟု K-Research ၏ မန်နေးဂျင်း ဒါရိုက်တာနှင့် အမှုဆောင် စီးပွားရေးပညာရှင် ဘူရင် အဒူဝါတာနာက ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စွမ်းအင် ထောက်ပံ့မှုများမှာ တဖြည်းဖြည်း ပိုမိုကျပ်တည်းလာပြီး လောင်စာဆီ စရိတ် မြင့်တက်လာမှုကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထိခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း မစ္စတာ ဘူရင်က ထောက်ပြခဲ့သည်။

ရေသောက်ဘူး ‌‌ဈေးနှုန်းကို တွေ့ရစဉ်

“အရှေ့အလယ်ပိုင်းပဋိပက္ခက ဘယ်တော့ ပြီးမလဲဆိုတာ မသိရသေးတဲ့အတွက် ကုန်ထုတ်လုပ်သူတွေ အနေနဲ့ နောက်တစ်လ ဒါမှမဟုတ် နှစ်လအတွင်း ကုန်ကြမ်း ပြတ်လပ်သွားမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် စျေးနှုန်းတွေ ဘယ်လောက်ပဲကြီးကြီး ကုန်ကြမ်းတွေကို ဆက်ဝယ်ဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာ သိပ်မရှိပါ ဘူး။ ဒီအကျိုးဆက်ကြောင့် ကုန်ချော ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်နှင့်အမျှ K-Research အဖွဲ့သည် ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၁ ဒသမ ၉ ရာခိုင်နှုန်းမှ ၁ ဒသမ ၂ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ် ခဲ့သည်။

Source: ဘန်ကောက်ပို့စ်