CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀
မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင် ချထားပေးရေး မွန်ပြည်နယ် လွှတ်တော်သို့ တင်ပြ တောင်းဆိုသွားမည်ဟု မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းလဝီက CNI သတင်းဌာနသို့ ပြောသည်။
မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်နှင့် ပတ်သက်ပြီး မော်တော်ဆိုင်ကယ် အရောင်းဆိုင် တချို့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ အချိတ်အဆက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့နောက် အရောင်းဆိုင်တချို့မှ မော်တော်ဆိုင်ကယ်များအား ယာယီလိုင်စင်များသာ ရရှိနေကြောင်း သိရသည်။
လက်ရှိ မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ်များကို မော်တော်ဆိုင်ကယ် အရောင်းဆိုင်တချို့မှ ထုတ်ပေးထား သည့် ယာယီလိုင်စင်များဖြင့်သာ မောင်းနှင်နေကြရပြီး ထိုယာယီလိုင်စင်သည်လည်း ဖမ်းဆီးခံနေရသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် မွန်ပြည်နယ်ရှိ ဒေသခံများ သွားလာရေး အဆင်ပြေစေရန်အတွက် မော်တော်ဆိုင်ကယ်များကို နိုင်ငံတော်အစိုးရမှ တရားဝင်လိုင်စင် ချထားပေးရေးကို တင်ပြတောင်းဆိုရခြင်း ဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီ MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းလဝီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယာယီလိုင်စင် ဆိုင်ကနေ ဝယ်ထားတဲ့ဟာလည်း အဖမ်းခံရတယ်ဆိုတော့ ဒါကလည်း ကျနော်တို့ပါတီ အနေနဲ့ကတော့ ဖွံ့ဖြိုးမှုလုပ်ငန်းထဲမှာ ပါတယ်ထင်တာပဲ။ အဲဒါတွေကို တင်သွင်းဖို့ အစီအစဉ်ရှိတယ်။ ပြောရင် တော့ အဲဒါတွေကို လိုင်စင်ပေါ့ ပြည်နယ်လိုင်စင်ပေါ့။ အရင်တုန်းကဆို မွန်ဆိုရင်တော့ မွန်လိုင်စင်ပေါ့၊ အဲဒီလိုမျိုး လိုင်စင်ချပေးပေါ့။ ရောင်းတဲ့အဖွဲ့တွေကျတော့ သူတို့ကျတော့ ယာယီလိုင်စင်ပေါ့။ ယာယီလိုင်စင်ကျတော့ ရောင်း တဲ့ ကုမ္ပဏီကျတော့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရတွေက အဲဒီကုန်စည်အဖွဲ့တွေကို လိုင်စင်ချပေးဖို့ တောင်းဆိုရမှာပေါ့။ အခုကျတော့ ဆိုင်မှာ ဝယ်ထားတဲ့ ဆိုင်ကယ်ရှိတယ် ယာယီ။ အဲဒါတွေက ပြောရင်တော့ နံပါတ်ပြား မရှိဘူး၊ ယာယီ၊ အဲဒါတွေက သက်သေ အထောက်အထား မရှိတဲ့အခါကျတော့ ဖမ်းတယ်။ ကုမ္ပဏီနဲ့ ရောင်းတဲ့လူနဲ့ အစိုးရကတော့ ဘယ်လို အပေးအယူ လုပ်ထားလဲတော့ မပြောတတ်ဘူးလေ။ အဲဒါကျတော့ နောက်ဆုံးကျတော့ ဆိုင်ကယ်စီးတဲ့သူပဲ ဒုက္ခရောက်တာပေါ့” ဟု ပြောသည်။

ဆိုင်ကယ်မောင်းနေသူများကို တွေ့ရစဉ်
မွန်ပြည်နယ်အတွင်း မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရာတွင် လိုင်စင်မရှိပါက ဆိုင်ကယ်သိမ်းခြင်းနှင့် ဒဏ်ငွေ ပေးဆောင်ရခြင်းများရှိပြီး မော်တော်ဆိုင်ကယ် အမျိုးအစားအလိုက် ငွေကျပ် ၁ သိန်းမှ ၁၀ သိန်းအထိ ပေးဆောင် ရသည်ဟု ပေါင်မြို့နယ်ဒေသခံ ကိုလွင်အေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ ဆိုင်ကယ်လိုင်စင် မရှိလို့ရှိရင် ပြဿနာတက်လို့ရှိရင် ဆိုင်ကယ် သိမ်းတာတို့ ရှိတာပေါ့။ နောက်ပြီးတော့ တစ်ခါ ဟိုတုန်းက ဆီတွေဘာတွေ အခက်အခဲ ဖြစ်တုန်းကဆိုရင် ဆီတွေ တန်းစီရတဲ့ အချိန်တုန်း ကဆိုရင် ဆီက မရောင်းပေးဘူးပေါ့နော်။ အခု လိုင်စင်မရှိတဲ့ အခါကျတော့ သူတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူ တွေက အမျိုးမျိုး သူတို့ဥပဒေအရ အရေးယူတာကို ခံရတာပေါ့။ ဒဏ်ရိုက်တယ်ဆိုတဲ့ အကြောင်းကို ပြောရမယ် ဆိုရင် ဆိုင်ကယ်ရဲ့ အနေအထားကို သူတို့ကြည့်တယ်။ ဆိုင်ကယ်က တန်ဖိုးနည်းရင် နည်းသလို တန်ဖိုးကြီးရင် ကြီးသလို ဒဏ်ရိုက်တာပေါ့နော်။ သိမ်းရင်လည်း သိမ်းလိုက်မယ်၊ မသိမ်းဘဲနဲ့ တန်ဖိုးနည်းတဲ့ ဆိုင်ကယ်ဆိုရင် တော့ ၁ သိန်း ၂ သိန်းလောက်ပေါ့။ တန်ဖိုးကြီးတဲ့ ဆိုင်ကယ်ဆိုရင်တော့ ၅ သိန်း ၁၀ သိန်း သူတို့တောင်းတာပေါ့။ မွန်ပြည်နယ်လွှတ်တော်မှာ အဲဒီလို တင်ပြတယ်လို့တော့ သတင်းကြားတယ်။ ကျနော်တို့ ပြည်သူလူထု ဖြစ်ချင်တာ လည်း လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို တရားဝင်လိုင်စင် ထုတ်ပေးဖို့ တောင်းဆိုတာပေါ့” ဟု ပြောသည်။

ဆိုင်ကယ်လိုင်စင်များ စစ်ဆေးနေစဉ်
မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ် ၃ သိန်းခန့် အသုံးပြုလျက်ရှိပြီး ထက်ဝက်ကျော်မှာ လိုင်စင်မဲ့ဆိုင်ကယ်များ ဖြစ်သည်ဟု သိရသည်။
ယာယီလိုင်စင် ထုတ်ပေးသည် မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ ရှိသော်လည်း ထိုအရောင်းဆိုင်များသည် အရည်အသွေးညံ့သည့် တရုတ်ဆိုင်ကယ်များကိုသာ ရောင်းချကြကြောင်း၊ ပြည်သူများသည် အရည်အသွေး ကောင်းမွန်သည် ထိုင်းနိုင်ငံမှ မော်တော်ဆိုင်ကယ်များကိုသာ စီးနင်းကြကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း မော်တော်ဆိုင်ကယ် လိုင်စင် တရားဝင် မရရှိခြင်းသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ခွင့်ပြုချက် ရရှိထားပြီး ယာယီလိုင်စင် ထုတ်ပေးသည့် မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ ကြောင့်လည်း ဖြစ်သည်ဟု မွန်ပြည်နယ် ဒေသခံများက ပြောသည်။
