CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇

မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိသည့် အချိန်တွင် တပ်မတော် အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ မရှိသည့်အချိန်တွင် တပ်မတော် အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွား နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် တပ်မတော် အနေဖြင့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရ ခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုတယ်”ဟု ပြောသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်း ကြောင်းများအရ ပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော် အနေ ဖြင့် နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေရဦးမည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အသီးသီး အပါအဝင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ရရှိထားသည်။

အဆိုပါ ကိုယ်စားလှယ် ရာခိုင်နှုန်းကို လွှတ်တော်ကနေ ထွက်ခွာပေးရန် သို့မဟုတ် အဆင့်တစ်ခု လျှော့ချပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက တောင်းဆိုထားကြသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ဖြစ်သည်။

ထိုထဲမှ KNU-CNF-ABSDF တို့သည် NCS ပျက်သွားပြီဟုဆိုကာ နုတ်ထွက်ထားပြီး LDU-NMSP-PNLO-ALP တို့က တော့ NCA လိုလားသူနှင့် နုတ်ထွက်လိုသူဆိုကာ ၂ ဖွဲ့စီ ကွဲသွားကြသည်။

ထို့နောက် NCA  မထိုးသည့် အဖွဲ့များကတော့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ ဖြစ်သည်။

အလားတူ NCA လုပ်ငန်းစဉ်၏ အပြင်ဘက်မှာ ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကတော့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA/SNUC)၊ ကူးကီအမျိုးသားတပ်မတော်(KNA/KNO)၊ ဇိုမီးအမျိုးသား တော် လှန်ရေးတပ်မတော်(ZRA/ZRO)၊ အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော်(ENDA/ENNO)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ဖြစ်သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာသော လက်နက်ကိုင် များကတော့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်မတော်(DPLA)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ် မြောက်ရေး တပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကချင်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(KPDF)၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers-PDF တို့ အပါအဝင် ချင်းပြည်နယ်အတွင်းက PDF များနှင့် NUG လက်အောက်ခံ PDF အဖွဲ့ပေါင်း ရာချီလည်း ရှိနေသည်။