CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၆
တိုင်းရင်းသားအခွင့်အရေးများ လွှတ်တော်မှာ အဖြေရှာရန်ဆိုသည်မှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်ကြောင်း ရခိုင်နိုင်ငံရေး သမား ဦးဖေသန်းက CNI သို့ ပြောသည်။
ဒီမိုကရေစီစနစ်မှာ လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများ အနေဖြင့် မိမိတို့ဒေသ အခွင့်အရေး များကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေး လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်ဟု နစက နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဩဂုတ် ၄ ရက်နေ့က တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။
ဦးဖေသန်းက “ဒီမိုကရေစီပါတီလို့ ပြောကြတဲ့ NLD အစိုးရ လက်ထက်မှာတောင် လွှတ်တော် အခင်းအကျင်းက မပီပြင်ဘူး ပေါ့။ သူတို့ အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်တာရှိတယ်၊ လွှတ်တော်ထဲမှာလည်း အနိုင်ရပါတီကပဲ ဦးဆောင်ပြီး ဆုံးဖြတ်တာတွေ ရှိတယ်။ တိုင်းရင်းသားတွေ တင်ပြခဲ့တာတွေကို ပယ်ချတာတွေ၊ အရေးမစိုက်တာတွေ တိုင်းရင်းသားဒေသ ဘတ်ဂျက်ခွဲဝေမှု တွေက အားနည်းတာတွေ အများကြီးပေါ့။ ဒီလို စစ်အစိုးရတစ်ပိုင်း အစိုးရဖြစ်လာမယ်ဆိုရင်တော့ PR စနစ်နဲ့ ဖြစ်လာတဲ့ အစိုးရကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးပါ၊ လွှတ်တော်ထဲမှာ အဖြေရှာပါဆိုတာ ဒါက သက်သက် အကြောင်းပြချက်တစ်ခု ပဲ ဖြစ်တယ်။ နဂိုကတည်းက စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ထားတဲ့ အဖွဲ့အစည်းတစ်ခုက အာဏာရလာပြီဆိုရင်တော့ တိုင်းရင်းသားတွေ အနေနဲ့တော့ ဘာမှ ပြောစရာကို မလိုလောက်အောင်အထိ အခွင့်အရေးတွေက ရလာစရာ အကြောင်းမရှိ ဘူး။ ပေးရင်လည်း မဖြစ်စလောက်ပဲ ပေးမယ်ဆိုတာ ကျနော်တို့ ယုံကြည်တယ်” ဟု CNI သို့ ပြောသည်။
လက်နက်ကိုင်ဘ၀ကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးတီခွန်မြတ် (EPA)
ထို့အတူ လာမည့် လွှတ်တော်အခင်းအကျင်းမှာ နိုင်ငံရေးအားဖြင့် ပြည်သူလူထု ထောက်ခံမည် မဟုတ်သလို အသိအမှတ်ပြုမှု အားနည်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့်အတွက် ဒီမိုကရေစီနှင့် ဆန့်ကျင်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာ တိုင်းရင်းသား အခွင့်အရေး ရနိုင်မှာမဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခု ဗမာပြည်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်ပေါ့။ ဦးနုလက်ထက်က လွှတ်တော်၊ ဦးနေဝင်း လက်ထက်က ပြည်သူ့လွှတ်တော်၊ နောက်ပိုင်းမှာ ဦးသိန်းစိန် လက်ထက်မှာ ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေပေါ့။ အဲဒါတွေ အားလုံးက ရှင်းရှင်းပြောရရင်တော့ ဒီမိုကရေစီ ပုံစံအောက်က လွှတ်တော်လို့ မပြောနိုင်ဘူး ခင်ဗျ။ ဒါကြောင့် လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေ ကတည်းကိုက ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာပဲ။ ၇၅ ရာခိုင်နှုန်းမှာလည်း ရွေးကောက်ခံတဲ့သူတွေ တက်တော့ ၇၅ မှာလည်းဘဲ အနိုင်ရတဲ့ ပါတီကြီးက တစ်ခါ လွှမ်းမိုးနေပြန်ရော၊ ဒါဆိုတော့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေက ပြောရေးဆိုခွင့်ဆိုတာ ကျုံ့သွားတာပေါ့ဗျာ။ တော်တော်လေး ကျုံ့သွားတာပေါ့။ ဒါကြောင့် ဘယ်လိုမှ အခွင့်အရေး တောင်းဆိုလို့ အောင်မြင်နိုင်ဖို့ အကြောင်း မရှိပါဘူး။ လက်ရှိ ၂၀၀၈ အောက်က လုပ်သွားတဲ့ ဖွဲ့စည်းပုံအတိုင်းဆိုရင်တော့ အခွင့်အရေးဘာမှရဖို့ အကြောင်းမရှိပါဘူးခင်ဗျ” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး လောကတွင် တိုင်းရင်းသား လက်နက်ကိုင်များကနေ လွှတ်တော် ကိုယ်စားလှယ်များ အဖြစ်လည်း ကောင်း၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများအဖြစ်လည်းကောင်း စသဖြင့် ရှိနေ ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံ၏ လွှတ်တော်အတွင်း ဖြစ်တည်မှုများသည် အားကြီးသူက အသာစီးယူလေ့ရှိခြင်းကြောင့် တိုင်းရင်းသား ပါတီများမှာ သူတို့ လိုလားချက်နှင့် အခွင့်အလှမ်းများကို ပိတ်ပင်ခံနေရကြောင်း ခံစားလာခဲ့ရပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်မှုများလည်း ရှိနေသည်။