CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်နေသည့် နွေဦးတော်လှန်ရေး အောင်မြင်ရန် တိုင်းရင်းသား များ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးဖြစ်စဉ် တောက်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ အရေးပါခဲ့ကြောင်း၊ ဗမာ ပြည်ကွန်မြူနစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှာလည်း တိုင်းရင်းသား ဒေသများတွင် အခြေစိုက်ခဲ့ရကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “တစ်ခုခုဖြစ်လာပြီဆိုရင်လည်း တိုင်းရင်းသားဒေသတွေကိုပဲ သွားပြီးတော့ အခြေစိုက်ရတာပဲလေ၊ အရင်တုန်းကလည်း ဒီလိုပဲပေါ့။ ၈၈ အရေးအခင်းမှာလည်းပဲ တိုင်းရင်းသားဒေသတွေမှာ ခိုလှုံပြီးတော့ ABSDF တို့ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ရတာပေါ့၊ အခုလည်း PDF အများစုကလည်း တိုင်းရင်းသားဒေသတွေမှာ အခြေစိုက် တယ်၊ တိုင်းရင်းသားတွေနဲ့ တွဲပြီး‌တော့ လုပ်နေတာရှိတယ်၊ တခြား တိုင်းရင်းသားမရှိတဲ့ ဒေသတွေမှာတော့ သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာပေါ့၊ ဒီတော့ ရှေ့ဆက်ပြီးတော့ PDF တွေရဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက တော်တော်ကို အရေးကြီးတယ်၊ အောင်မြင်ရင်‌တောင်မှ ဒီတိုင်းရင်းသား ပြဿနာကို ဖြေရှင်းဖို့ကလည်း တော်တော်အရေးကြီးတယ်၊ ဒါကြောင့် ဒီနေ့အချိန်မှာတော့ တိုင်းရင်းသားတွေ ကလည်း ဒီအပေါ်မှာပေါ့နော်၊ NUG တို့ NUCC တို့ ဘာပြောလာမလဲပေါ့၊ ဘယ်လောက်အထိ တိတိကျကျ တာဝန် ခံ မလဲပေါ့၊ ပါးစပ်နဲ့ပဲ ဒီနေ့အချိန်မှာတော့ လေနဲ့ပဲ တာဝန်ယူနေတာပေါ့ဗျာ၊ ဒါပေမဲ့ နောင်တစ်ချိန်မှာ သူတို့ရော ဘယ်လို တိုင်းရင်းသား‌ပေါ် ဘယ်လို သဘောထား လာမလဲဆိုတာလည်း အရေးကြီးတယ်” ဟု CNI သတင်းဌာန သို့ ပြောသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)အဖွဲ့ဝင်များကိုတွေ့ရစဉ်

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း တိုင်းရင်းသား အခွင့်အရေးအတွက် မိမိတို့ မျှော်မှန်းခဲ့ ကြောင်း၊ သို့သော်လည်း NLD အစိုးရဖြစ်ပြီးနောက် မျှော်မှန်းသလို ဖြစ်မလာခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းရင်း သား အရေးကိစ္စ မဖြေရှင်းပါက ပြည်တွင်းစစ်မှာ ဆက်ဖြစ်နေနိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အုပ်စု ၃ စု ကွဲနေကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းနှင့် ဖြေရှင်းမည့် အုပ်စု၊ ကြားနေအုပ်စု၊ လက်နက်ကိုင် တော်လှန်သည့် အုပ်စုဆိုပြီး ကွဲနေကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စာချုပ်ထဲလည်း မပါဘူး။ ပဋိပက္ခမှာလည်း မပါဘဲနဲ့ ကိုယ့်ရဲ့ အဖွဲ့တစ်ခုချင်း နယ်မြေ တစ်ခုချင်းအလိုက် အခွင့်အရေးကိုပဲ ဆုပ်ကိုင်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေ ရှိတယ်၊ ထို့အတူပဲ တောင်ပိုင်းအဖွဲ့ တချို့ကတော့ လက်ရှိ အတိုက်အခံဖြစ်နေတဲ့ အင်အားစုတွေနဲ့ ပေါင်းပြီးတော့ တဖက်က လက်နက်ကိုင်တဲ့ နည်း နဲ့ ပြဿနာကို ဖြေရှင်းကြတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်၊ ဒါကြောင့် ကြားနေတဲ့ တိုင်းရင်းသားရယ်၊ နိုင်ငံ ရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းတဲ့ တိုင်းရင်းသားရယ်၊ လက်နက်ကိုင်ပြီးမှ ရမယ်ဆိုတဲ့ တိုင်းရင်းသားရယ်၊ တိုင်းရင်းသားက ၃ အုပ်စုဖြစ်နေတော့ ညီညီညွတ်ညွတ်တော့ မရှိဘူးပေါ့၊ ညီညီညွတ်ညွတ် ရှိရင်တော့ တိုင်းရင်းသား ရဲ့ အသံဩဇာက နှစ်ဖက်စလုံးက နားထောင်မှာပေါ့၊ အဲဒီလို ညီညီညွတ်ညွတ်မရှိတဲ့ အခါကြတော့ တိုင်းရင်း သားရဲ့ ဩဇာနဲ့ တိုင်းရင်းသားရဲ့ Role (အခန်းကဏ္ဍ) ကလည်း ပျောက်နေသလို ဖြစ်တာပေါ့ဗျာ၊ အဲဒါကတော့ ကျနော်တို့ တိုင်းရင်းသားဖက်က အားနည်းချက်လို့တော့ ကျနော် ဝန်ခံချင်ပါတယ်ဗျ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA၊  NDAA၊ SSPP ခေါင်းဆောင်များ တွေ့ဆုံစဉ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ NCA အရ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်သည့် ကိစ္စများကို လုပ်ဆောင်နေ ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ပြည်မရှိ လူငယ်များ၊ ကျောင်း သားများ၊ NLD ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ ခိုလှုံကာ ပြည်သူ့ဒေသကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းပြီး မြန်မာ့တပ်မ‌တော်ကို ခုခံတိုက်ခိုက်လျက် ရှိသည်။