CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တိုက်ပွဲရှောင်များကို နေရပ်ပြန်ကြရန်နှင့် နေရပ်ပြန်မည့်သူများကို လမ်းစရိတ် အပြင် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးမည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပြော လာကြောင်း ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်က ကျောက်တော်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းတာဝန်ခံများကို မြို့နယ်အုပ်ချုပ် ရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံ၍ နေရပ်ပြန်ကြရန်နှင့် နေရပ်ပြန်သူများကို လမ်းခရီးစရိတ် တစ်သိန်းနှင့် စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးမည်ဟု ပြောကြောင်း ကျောက်တော်မြို့နယ်၊ ရထားဘူတာ တိုက်ပွဲရှောင်စခန်းမှ တာဝန် ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျောက်တော်က မြို့နယ် စကစကတော့ ကျနော်တို့ နေရပ်ပြန်ဖို့တော့ ပြောပါတယ်။ ပြောတော့ သူတို့ က ဘာပြောလဲဆိုတော့ နေရပ်ပြန်ဖို့အတွက် လမ်းစရိတ်ကိုတော့ ငွေကျပ် တစ်သိန်းပေါ့။ ပြီးတော့ ပစ္စည်းက ၁၇ မျိုး ပေးမယ်။ ပြီးတော့ စားနပ်ရိက္ခာ တစ်လစာပေးမယ်တဲ့။ ဒါကို အဲလိုပေးမယ်ပြောတယ်။ မပြန်လို့ရှိရင် NGO, INGO အဲလို အဖွဲ့အစည်းတွေက ထောက်ပံ့တာတွေကို အကုန်လုံး ရပ်တန့်လိုက်မယ်ဆိုပြီး ပြောပါတယ်” ဟု ပြော သည်။

ရခိုင်တိုက်ပွဲရှောင်ကိုတွေ့ရစဉ်

လက်ရှိ ကျောက်တော်မြို့နယ်အတွင်းမှာ တိုက်ပွဲရှောင် စခန်းပေါင်း ၁၁ ခုရှိပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ပေးကြောင်း သိရသည်။

သို့သော် ဝန်ကြီးဌာနက ရိက္ခာမပေးတော့သည်မှာ ၆ လခန့် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများထံ က နေ ထောက်ပံ့မှု မရသည်မှာလည်း ၁ လခန့် ရှိပြီ ဖြစ်ကြောင်း၊ လက်ရှိမှာတော့ လွန်ခဲ့သည့် ၃ လက နိပွန်ဖောင် ဒေးရှင်းမှ လှူဒါန်းထားသော ဆန်များဖြင့် စားသောက်နေရကြောင်း တိုက်ပွဲရှောင်များက ပြောသည်။

ထို့နောက် ကျောက်တော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များသည် စားသောက်ရေးအတွက် မျှစ်ချိုးခြင်း၊ ပန်းရံ လုပ်ကိုင်ခြင်းနှင့် ကြုံရာကျပန်း အလုပ်များ လုပ်ကိုင်ခြင်းဖြင့် ဖြေရှင်းလျက်ရှိကြောင်း သိရသည်။

မိမိတို့ တိုက်ပွဲရှောင်လာရသည်မှာ ၃ နှစ် နီးပါးရှိပြီဖြစ်ကြောင်း၊ နေအိမ်များ မီးလောင်သွားပြီ ဖြစ်၍ နေရပ်ပြန်ပို့ သည့်အခါ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း၊ တိုက်ပွဲအတွင်း ကျန်ရှိနေသည့် မိုင်းများ ရှင်းလင်းပေးရန်လိုအပ်ကြောင်း ကျောက်တော်မြို့နယ်အတွင်းက တိုက်ပွဲရှောင် အမျိုးသမီး မဦးမိုးနွယ်က ပြော သည်။

AA ထုတ်ပြန်ခဲ့သည့် ရခိုင် တိုက်ပွဲရှောင်စာရင်းကိုတွေ့ရစဉ်

၎င်းက “တိုက်ပွဲ မငြိမ်သက်သေးတဲ့အတွက် ပြန်လို့မရသေးဘူး။ ရွာမှာ မပြောနဲ့ တောလမ်းမှာတောင် အခုချိန် တိုက်ပွဲတွေ ပြင်းထန်နေတာ။ တောလမ်းကရွာတွေတောင်မှ လက်နက်ကြီးတွေ မကြာခဏ ကျတယ်။ အရင်ဆုံး အဲဒီလမ်းကြောင်းထဲမှ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ မိုင်းရှင်းပေးဖို့ လိုအပ်တယ် အဲဒါက အဓိကပါ။ ဒုတိယ ပြောရမယ် ဆိုရင် လူတွေက အခုချိန် အိမ်တောင်မရှိတော့ဘူး။ မိုင်းရှင်းပြီးတော့ နေအိမ်တွေရော ရွာပုံစံ တည်ထားပေးသင့် တယ်။ ဘာလို့လဲဆိုတော့ ရွာက အကုန်ပျက်သွားပြီ။ ရွာတည်ထားပြီးတော့ စာသင်ကျောင်းတွေရော၊ စီးပွားရေး တက်လမ်းတက်စတွေရော အဲဒါလေးတွေ လုပ်ဖို့လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ကြား ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး သြဂုတ်လနှင့် စက်တင်ဘာ လအတွင်းမှာ တိုက်ပွဲရှောင် လူဦးရေ ၆၁၆၇ ဦး တိုးလာကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် AA ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိလည်းကောင်း၊ ယခု တကျော့ပြန် ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ စုစုပေါင်း တိုက်ပွဲရှောင် ၈၂၄၁၉ ဦးရှိပြီး တိုက်ပွဲရှောင် စခန်းပေါင်း ၁၅၀ ရှိကြောင်း AA က ထုတ်ပြန်ထားသည်။