CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် လက်ရှိ၌ မူလအခြေအနေ နီးပါးသို့ ပြန်လည်ရောက်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက CNI သတင်းဌာန သို့ ပြောသည်။

မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်သို့ မေလ ၁၄ ရက်နေ့တွင် ဝင်ရောက် တိုက်ခတ်ခဲ့ရာ ဇွန်လ ၁၄ ရက်နေ့တွင် တစ်လပြည့်ခဲ့ပြီ ဖြစ်သောကြောင့် ရခိုင်ပြည်နယ်၏ ပြန်လည်ထူထောင်ရေးခရီးစဉ် အတိုင်းအတာ နှင့်ပတ်သက်၍ CNI သတင်းဌာနမှ မေးမြန်းမှုအား ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “မိုခါတစ်လပြည့်တဲ့ အခြေအနေမှာတော့ စစ်တွေမြို့ဆိုရင် ပုံမှန် အခြေ အနေ နီးပါးလောက် ပြန်ရောက်တယ် ပြောလို့ရတာပေါ့။ ဘာကြောင့် ပြောရလဲဆိုရင် လူတိုင်း လမ်းတွေသွားလို့ ရတယ်။ လမ်းသန့်ရှင်းရေးတွေ အကုန်ရှင်းပြီ ဖြစ်တယ်။ လျှပ်စစ်မီးရပြီ ဖြစ်တယ်။ national grid က လျှပ်စစ် ဓာတ်အား ရပြီဖြစ်တယ်။ တယ်လီဖုန်း ဆက်သွယ်ရေးတွေလည်း အကုန်ရပြီးလည်း ဖြစ်တယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး လိုနေတာ တစ်ခုက ကေဘယ်တွေပေါ့နော် မြေအောက်ကေဘယ်တို့ ဘာတို့နဲ့လုပ်တဲ့ Wifi တွေ တော့ မရသေးဘူးပေါ့။ ဒါကတော့ ပုဂ္ဂလိကကုမ္ပဏီတွေက လုပ်နေတာတွေ့ရပါတယ်။ ကုန်သွယ်မှုပိုင်းကို ကြည့် ရင်လည်း စစ်တွေမြို့မှာဆိုင်တွေ အားလုံးဖွင့်နိုင်တယ်။ ဌာနဆိုင်ရာတွေကို ပြန်ကြည့်ရင် စာသင်ကျောင်းတွေ အားလုံးဖွင့်နိုင်တယ်။ နယ်တွေမှာလည်း ဖွင့်တယ်။ စစ်တွေမြို့ပေါ်မှာလည်း အကုန်လုံး စာသင်ကျောင်းတွေဖွင့် တယ်။ ဆေးရုံတွေ ပုံမှန် အနေအထား အလုပ်လုပ်ကိုင်နေကြတာပေါ့။ ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ တစ်လ တာ ကာလမှာတော့ မူလ အခြေအနေ နီးပါးလောက် ရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း ကျနော်တို့ကိုယ်တိုင် ပါဝင်လို့ သိနေရတာတွေက မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ပြီးတဲ့ အချိန်ကစလို့ အခုထိ မနားရဘူး။ နေ့တိုင်း စီမံခန့်ခွဲရေးကိစ္စတွေ လုပ်ရတယ်၊ ဆုံးဖြတ်ဖို့အတွက် Decision တွေချဖို့ အစည်းအဝေးတွေ လုပ်ရတယ်။ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုကို တင်ပြတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်က တဲအိမ်များ ပျက်စီးနေစဉ်

ယခုကဲ့သို့ အနေအထားအား ရောက်ရှိရခြင်းမှာ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံ ရခိုင်ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများကြောင့် ဖြစ်ကြောင်း၊ ဆက်လက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများတွင် သွားရေး၊ လာရေး လမ်းများဖွင့်ထားပြီး ဖြစ်သည့်အတွက် အစဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကူညီကယ်ဆယ် ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များသည် မြို့ပေါ်နေ ရပ်ကွက်များကိုသာ ရောက်ရှိပြီး ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများသို့ အရောက်အပေါက် နည်းပါးကြောင်းလည်း တိုက်ပွဲ ရှောင်စခန်း တာဝန်ရှိသူများထံက သိရသည်။

လက်ရှိတွင် တိုက်ပွဲရှောင်စခန်းများ၌ အမျိုးသမီး လစဉ်သုံး ပစ္စည်းများအပြင် ပတ်ဝန်းကျင် မသန့်ရှင်းမှုများ ကြောင့် အသက်အရွယ် ကြီးရင့်သူများတွင် ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်နေကြောင်း ကျောက်တော်မြို့ရှိ တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူ မမြင့်(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

စစ်တွေမြို့မှာ လမ်းမီးတိုင်များ ပြန်လည်ထူထောင်နေစဉ်

၎င်းက “အခြေအနေကတော့ အိမ်တွေ အကုန်ပြိုတယ်၊ အိမ်သာတွေ အကုန်ပြိုတယ်။ စားနပ်ရိက္ခာတွေလည်း အကုန်စိုကုန်တယ်။ ရေတွေလည်း ရှားတယ်။ ဝါးတွေလည်း မရှိတဲ့အချိန်မှာ အဆောင်လေးရှိတာနဲ့ တာလဘတ် သေးသေးလေးတွေရှိတာနဲ့ ဖုံးပြီး ကပ်သီးကပ်သပ်ပဲ နေကြတော့တယ်။ ချက်စရာလည်း ဒီနားမှာပဲ ချက်တယ်၊ အိပ်စရာလည်း ဒီနားမှာပဲ အိပ်တယ်။ တိုက်အိမ်တောင်မှ မခံနိုင်ဘူးလေ ကျမတို့က ဝါးနဲ့လုပ်တာဆိုတော့ ဝါးတွေ လည်း ဟောင်းနေပြီလေ အကုန်လုံးပါသွားတယ်။ ရေတွေလည်း ရေချိုးလို့ရှိရင် တအားယားကြတယ်။ 

ဘာဖြစ်လို့ လဲမသိဘူး။ အခုလောလောဆယ်ကတော့ ကိုယ်တို့နေတဲ့ နေရာဘေးမှာပဲ သွားတဲ့အချိန်မှာ အနံ့တွေ တအားဆိုး တယ်။ နေပူလိုက် မိုးရွာလိုက်နဲ့ အချိန်မှာတော့ လုံးဝ အနံ့တွေက ထွက်လာတာပေါ့။ နေလို့မကောင်း ကြဘူး။ လူကြီးတွေ ခဏခဏ သွေးပေါင်ချိန် ကျလိုက်၊ တက်လိုက်။ အခုက အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေလည်း မရှိ ကြတော့ဘူးလေ။ ဒါလည်း အခက်အခဲပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် မိုးရာသီ ရောက်ပြီဖြစ်သည့်အတွက် နေအိမ် ပျက်စီးဆုံးရှုံး သွားသူများအနေဖြင့် မိုးလုံလေလုံ ဖြစ်အောင် ကြိုးစားနေကြသော်လည်း မိုးလုံလေလုံနေရာ ရောက်ရှိရန် အခက်အခဲ ဖြစ်နေကြသူ အများအပြား ရှိနေသေးကြောင်း ပရဟိတအသင်းအဖွဲ့များထံက သိရသည်။

မုန်တိုင်းသင့် ပြည်သူများအတွက် နစက-က ကျပ်သိန်းပေါင်း ၇၀၀၀၀ လှူဒါန်းစဉ်

ထို့အပြင် ရေပြဿနာနှင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ အနေဖြင့် စားနပ်ရိက္ခာ ဈေးနှုန်းများ ကြီးမြင့်လာသည့် အခက်အခဲကိုပါ ဒေသခံပြည်သူလူထုအနေဖြင့် တွေ့ကြုံခံစားနေကြရကြောင်း ရသေ့တောင်မြို့နယ်ရှိ ပရဟိတ လူငယ်အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရေက နဂိုကတည်းက ခမ်းခြောက်နေတာ။ အခုက မိုးကလည်း ပုံမှန် အနေအထား မရွာဘဲနဲ့ ရေက မရှိတဲ့ အနေအထား မှာတော့ ရေတွေက အကုန်လုံး နောက်ပြီး အဲဒါတွေသုံးနေရတဲ့ အနေအထားမှာလည်း ရှိနေတယ် အခု မိုခါမုန်တိုင်း နောက်ပိုင်းမှာ။ စိုးရိမ်မှုက ကျန်းမာရေး အပိုင်းရှိတယ်။ နောက်ပြီးတော့ မိုခါမုန်တိုင်း နောက်ပိုင်း မှာ ဖြစ်လာတာက စားနပ်ရိက္ခာ တစ်ဟုန်ထိုး ထိုးတက်တာ။ ကျနော်တို့ဆီမှာ ဆန်က ပထမက ကိုးသောင်း လောက်ကနေ အခုဆို တစ်သိန်း လေးသောင်းအထိ ထိုးတက်သွားတယ်။ အဲဒီမှာ စားနပ်ရိက္ခာတွေလည်း အခြေခံ လူတန်းစားတွေအတွက် အခက်အခဲ တော်တော်လေး ဖြစ်နေတယ်။ အဲဒီတော့ အမိုးအကာအောက်ကို မရောက် နေတဲ့ လူတွေလည်း အများကြီး ရှိသေးတယ်အခုက” ဟု ပြောသည်။

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၏ အရေးပေါ် ကယ်ဆယ်နိုင်ရေးအတွက် နစက မှ ငွေကျပ်သိန်းပေါင်း ခုနှစ်သောင်း ပေးအပ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းစဉ်များလည်း လုပ်ဆောင်နေသည်ကို မြင်တွေ့ရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော် ULA/AA ကလည်း အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီ(ERRCA) အား ဖွဲ့စည်းပြီး AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်မှ ဥက္ကဋ္ဌအဖြစ် တာဝန် ယူ ဆောင်ရွက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ထို့နောက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့က ကျပ်သိန်း ၁၀၀၀၀(ကျပ်သိန်းတစ်သောင်း)အား ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွက် လှူဒါန်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်လည်း မိုခါမုန်တိုင်းဒဏ် ခံခဲ့ရသူများအတွက် ငွေကျပ် သိန်းပေါင်း ၂၃၀၀ ကျော်ကို မုန်တိုင်းမကျရောက်ခင်မှ စတင်ကာ ဇွန်လ ၂ ရက်နေ့အထိ ရခိုင်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်တိုင်း၊ အိန္ဒိယနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ ပေးပို့ကူညီထားကြောင်း ထုတ်ပြန် ထားသည်။