CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲရှောင်စခန်းများကို အစိုးရမှ ပုံမှန်ထောက်ပံ့နေသည့် ဆန်ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်း ထားခြင်းမရှိဘဲ ပုံမှန်ထောက်ပံ့နေကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများကို အစိုးရက ပုံမှန်ထောက်ပံ့မှုများ ရပ်ဆိုင်းထားကြောင်း ပြောဆိုမှုများ အပေါ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “ပုံမှန်ပေါ့ ရှိတာပေါ့၊ ဘေးစီမံကလည်း ထောက်ပံ့တယ်၊ WFP ကလည်း ထောက်ပံ့တယ်၊ ၂၆ ရက်နေ့ကပဲ အမ်းစစ်ဘေးရှောင်တွေ နေရပ်ပြန်မယ်ဆိုလို့ သီးခြားသုံးလစာ ထောက်ပံ့တာမျိုးလည်း ရှိသေးတယ်၊ ပုံမှန် ကတော့ ထောက်ပံ့ပါတယ်၊ ဒါကတော့ ဘယ်လိုပြောရမလဲ ဘေးစီမံက ပုံမှန် ဆန်ရိက္ခာ ထောက်ပံ့နေတာ အခုထိပေါ့၊ ဘတ်ဂျတ်လည်း မဖြတ်ဘူး၊ ဘတ်ဂျတ်ဖြတ်တာလည်း မရှိဘူး၊ ပုံမှန်ထောက်ပံ့တယ်” ဟု ပြောသည်။

ပြည်နယ်အစိုးရမှ ဆန်ရိက္ခာ ထောက်ပံ့နေသည်ဟု ပြောကြားသော်လည်း အစိုးရက ထောက်ပံ့သည့် ဆန်ရိက္ခာ ယခုလ မတ်လအတွက် မရရှိတော့ဟု အကြောင်းကြားလာသည်ဟု တိမ်ညို တိုက်ပွဲရှောင်စခန်းမှ တာဝန်ခံ ဦးစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။

ရခိုင်တိုက်ပွဲရှောင်များ

ဦးစိုးနိုင်က “ပုံမှန်ဆိုရင် သူတို့ ဧပြီ ၁၀ ကျော် ၁၂၊ ၁၃ ၊ ၁၄ အဲဒီလောက်တော့ ရောက်တယ် (မတ်လအတွက်) အဲဒီလို လစဉ် ထောက်ပံ့တာ ရှိတယ်၊ ဒါပေမယ့် ဒီလကို မတ်လဆန်းကတည်းက သူက ကြိုတင်ပြီးတော့ သုံးလေးရက် အကြောင်းကြား တယ်၊ ဒီလတော့ ဆန်မရောက်နိုင်ဘူးတဲ့ ဘာလို့လဲဆိုတော့ သူတို့ တစ်လတစ်လကို ကြိုပြီးရင် ဘတ်ဂျတ် တင်ရတယ်တဲ့ အစိုးရက ဒီလတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ စစ်ဘေးရှောင်တွေ အကုန်လုံးကို ဒီတစ်လတော့ ရိက္ခာထောက်ပံ့နိုင်မှာ မဟုတ်ဘူးလို့တော့ အဲဒီလိုတော့ ပြောတယ်” ဟု ပြောသည်။

ထိုသို့ ကွဲလွဲနေသည့် အခြေအနေများ ဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံရေး ဘေးပယောဂများကြောင့်ဖြစ်ပြီး အစိုးရအနေနှင့် ပုံမှန် ထောက်ပံ့နေကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ဦးလှသိန်းက “ကျနော်တို့ လုံးဝအာမခံပါတယ် လစဉ်ပေးနေတယ်၊ ဒုက္ခသည်စစ်ဘေးရှောင် ၇၀၀၀၀ ကျော်ရှိတယ်၊ ခုရက်ပိုင်း ၁၀၀၀ ကျော်လောက်ပြန်တယ်။ ဒါလည်း ၇၀၀၀၀ ကျော်နေအုံးမှာပေါ့၊ တိုက်ပွဲရှောင်စခန်းပေါင်း ၁၇၀ ရှိတယ်၊ မြို့နယ် ၁၀ မြို့နယ်မှာ တိုက်ပွဲရှောင် စခန်း ၁၇၀ ရှိတယ်၊ လူဦးရေ ၇၀၀၀၀ ကျော်ရှိတယ်။ အဲဒီ ၇၀၀၀၀ ကျော်အတွက် ဆန်ရိက္ခာတွေ ပေးနေတယ်၊ စစ်ဘေးရှောင်စခန်းတွေ တိုက်ပွဲရှောင်စခန်းတွေကတော့ များသောအားဖြင့် မြို့တွေမှာရှိကြတာ တချို့လည်း ဆွေမျိုးအိမ်မှာ နေကြတယ်၊ ဆွေမျိုးအိမ်မှာနေပေမယ့် သူတို့က ကျနော်တို့ဆီမှာ စာရင်းပေါက်တဲ့အတွက် လစဉ် လူကယ် ပြန်က စာရင်းထဲမှာ ပါနေတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပုံမှန် ဆန်နှင့် ရိက္ခာ ထောက်ပံ့ပေးမှုများရှိကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း (WFP) ကလည်း ထောက်ပံ့နေမှုများရှိကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲများ မရှိသည့်အတွက် တိုက်ပွဲရှောင်များ နေရပ်ပြန် နိုင်ပြီဖြစ်ကြောင်း ပြည်နယ်ကောင်စီက ပြောကြားထားသည်။