CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈

အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်များကို အားပေးနေသည့် အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နှိမ်နင်းသွားမည်ဟု နစကဥက္ကဋ္ဌ ပြောဆိုချက်မှာ ယခုထက်ပိုဆိုးသည့် အပိုင်းကို ဦးတည်သွားစေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနကိုပြောသည်။

မတ်လ ၂၇ ရက်က ကျရောက်သည့် (၇၇) ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ပဒိုစောတောနီးက “မနေ့က ပြောသွားတဲ့ဟာတော့ ကျနော်တို့ အနေနဲ့တော့ အပြုသဘော မဆောင်ဘူးလို့ပဲ ပြောချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်တစ်ပြည်ရဲ့ အေးရာအေးကြောင်း ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း ဖြစ်စေချင်ရင် လူတွေအား လုံး၊ အစုအဖွဲ့ အားလုံးနဲ့ ထိုင်ပြီးတော့ စကားပြောဖို့ လိုတယ်၊ အဲမှာ သမာသမတ်ကျတဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုလိုတယ် ဆို ရင်လည်းပဲ ကိုယ့်အယူအဆ တစ်ခုတည်းနဲ့ ဆုပ်ကိုင်ထားလို့မရဘဲ တခြား အယူအဆတွေကိုလည်း ထည့်သွင်း စဉ်းစားသင့် ပြီးတော့ ဘယ်ဟာ အကောင်းဆုံးဖြစ်သင့်လဲ ဆိုတဲ့ဟာကိုတော့ စဉ်းစားဖို့လိုတယ်၊ ဆိုတော့ ကိုယ့်ဖက်ကနေ အထိုင်သက် သက် တစ်ခုပဲ အသေဆုပ်ကိုင်ထားပြီး လုပ်သွားမယ်ဆိုရင်တော့ ဒါကြီးဘယ်လိုမှ အလုပ်မဖြစ်နိုင်တော့ဘူး ဆိုတာတော့ အခု လောက်တော့ သိသင့်ပြီလေ။ အဲဒါကြောင့်မို့ ဒီနေ့ဒီအချိန်အခါ ကျနော်တို့ကတော့ အလုပ်မဖြစ်တဲ့နည်းကို စွန့်လွှတ်သင့် ပြီလို့ ကျနော်တို့ ပြောချင်တယ်၊ အဲလိုမှ မစွန့်လွှတ်ဘူးဆိုရင် ဒီထက်ပိုဆိုးသွားတဲ့ အပိုင်းကိုပဲ ဦးတည်သွားမယ်ဆိုတာ ဒါကျနော်တို့ သေချာပေါက်တွေးလို့ရတယ်၊ သိလည်း သိနေတယ် မြင်လည်း မြင်နေရပါတယ်”ဟု ပြောသည်။

ပါတီစုံအစိုးရကာလမှာ ငြမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကိုယ်စားလှယ် အသီးသီးမှ အဆင့်ဆင့် ဆွေနွေးခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလို့ ဆိုရာမှာ လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံ ရေးအရ တိုင်းရင်းသားရေးအရ၊ အယူဝါဒရေးရာအရ သဘောထား မတိုက်ဆိုင်တဲ့အတွက် လက်နက်ကိုင်ရတဲ့ အဖွဲ့အစည်း တွေရှိသလို ၂၀၁၁ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီးမှ ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး ပေါ်ပေါက်လာတဲ့ လက် နက်ကိုင် အဖွဲ့အစည်းတွေ လည်းရှိတယ်၊ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲပြီးမှ လက်နက်ကိုင် အကြမ်းဖက်လာတဲ့ အဖွဲ့တွေ လည်း ရှိလာတယ်၊ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများဟာ အချို့သော EAO များထံကနေ မြစ်ဖျားခံခဲ့တာကို လည်း တွေ့ကြရမှာဖြစ်တယ်၊ တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းကို အားပေးထောက်ခံတဲ့ အဖွဲ့တွေကလွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲမပြတ် တွေ့ဆုံ ဆွေး နွေးသွားမှာ ဖြစ်သလို၊ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက်မထားပဲ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ဒေသကာကွယ်ရေးတပ်(PDF) များအနေဖြင့် တပ်မတော်နှင့် ဆွေးနွေးမှာ မဟုတ် ကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မတူညီကြောင်း ပြောသည်။


ဦးရဲထွန်းက “တပ်က နေရာပေးဖို့ဆိုတာက သူတို့ (PDF) ကလည်း ဆွေးနွေးချင်စိတ် မရှိဘူးလေ၊ PDF တွေကလည်း သူတို့ ရည်မှန်းချက်က စစ်တပ် ပြိုကွဲရေး၊ စစ်တပ်ဖြုတ်ချရေး၊ စစ်တပ် ချေမှုန်း‌‌ရေးပဲလေ၊ တိုင်းရင်းသားတွေနဲ့ ရည်မှန်းချက်က မတူ ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်က သူတို့ဒေသ၊ သူတို့ လူမျိုးတွေ ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်စနစ်ပေါ့ဗျာ၊ အဲဟာသွားဖို့ အဲဒါက ဆွေးနွေးလို့ရတယ်၊ ဖြေရှင်းလို့ရတယ်ဆိုတဲ့ သဘောပေါ့၊ ခုန PDF တွေကတော့ မဟုတ်ဘူး၊ တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ရေး၊ တပ်မတော်ကို အပြီးအပြတ် ချေမှုန်းရေးဆိုတော့ သူတို့ကလည်း အဲလို ဆွေး နွေးတာကို လက်မခံဘူးလေ” ဟု ပြောသည်။

နစက-က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် အဆိုပါအဖွဲ့အစည်းများ၏ လက် အောက်ခံ အဖွဲ့အစည်း အားလုံးကို အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ် ကြေညာကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ NUG ကလည်း တပ်မတော်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ကြေညာထားသည်။