CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၃

မြန်မာနိုင်ငံ၏ အရေးကို မြန်မာနိုင်ငံသားများသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်၍ ဆောင် ရွက်ပေးခွင့်မရှိဘူးဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မေလ ၁၂ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ နိုင်ငံအရေးမှာ ကိုယ့်ပြည်တွင်းအရေးမှာ ပြည်ပက ပါဝင်နေသမျှ ကာလပတ်လုံး တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ တခြား ပြည်ပနိုင်ငံတွေက နေပြီးတော့ ဝင်ရောက် စွက်ဖက်ပြီး ဆုံးဖြတ်ရအောင် ဆောင်ရွက်ပေးလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့ အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်မယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ကျနော်တို့ အားနဲ့ပဲ ရအောင် ဆွေးနွေးပြီးတော့မှ ကျနော်တို့ သွားချင်တဲ့၊ ပြည်သူကနေ သွားချင်တဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်ကို မရောက်ရောက်အောင် ကျနော်တို့ ချီတက်ပါမယ်”ဟု ပြောသည်။

လက်နက်ကိုင် အဖွဲ့တချို့ အပါအဝင် PDF၊ CRPH တို့သည် ပြည်ပနိုင်ငံများနှင့် ပတ်သက် ဆက်နွယ်နေမှုများကြောင်း သိထားသည်ဟုလည်း ၎င်းက ပြောသည်။

NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီသို့ သွားရောက်၍ ယနေ့ (မေလ ၁၃ ရက်) အမေရိကန်၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှားမန်းနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအခြေအနေများ အပါအဝင် ဒီမိုကရေစီ အရေးတို့ကို ဆွေးနွေးခဲ့သည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှားမန်း

အမေရိကန်သံရုံးက “ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဏာရှင်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုများကို ရင်ဆိုင်နေရ သည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏ ခိုင်ခိုင်မာမာ အားပေး ထောက်ခံမှုနှင့် မြန်မာနိုင်ငံကို အားလုံး ပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရန် ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့် သူများ အား လုံးကို ဆက်လက် အားပေးထောက်ခံသွားမည့် ကတိကဝတ်တို့ကို အလေးပေး ပြောကြားခဲ့ပါသည် ”ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အလားတူ အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံကလည်း NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံသွားရန် စီစဉ်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဒီမိုကရေစီလိုလားသူများက အရပ်သား အစိုးရပြန်လည် ပေါ်ပေါက်လာရေး ကြိုးပမ်းလျက်ရှိသလို NLD မှ ကိုယ်စားလှယ်များ ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်းပြီး နိုင်ငံတကာတွင် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလာရေး ကြိုးပမ်းလျက်ရှိသည်။