CNI International News

ကိယက်ဗ်၊ မေ ၁၃

ယူကရိန်းနိုင်ငံထဲသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် ကျူးကျော်စစ် စတင်ခဲ့ပြီးနောက် မော်စကို၏ အိမ်နီးချင်းနိုင်ငံ များလည်း ထိတ်လန့်လာခဲ့ရာ ဖင်လန်နိုင်ငံက မေလ ၁၂ ရက်၌ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ထဲသို့ ဝင်ရောက်ရန် သေချာ သွားပြီ ဖြစ်သည်။

ဆွီဒင်နိုင်ငံသည်လည်း ယခုရက်ပိုင်းအတွင်း အလားတူဝင်ရောက်တော့မည်ဖြစ်၍ နှစ်လခွဲအတွင်း ဥရောပတိုက်၏ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဆိုဗီယက်ပြည်ထောင်စုကို တန်ပြန်ရန်အတွက် တစ်ချိန်က ဖွဲ့စည်းခဲ့သော စစ်ဘက်ကာကွယ်ရေး သဘောတူစာချုပ် အဖွဲ့ ဖြစ်သည့် နေတိုးထဲသို့ ဝင်ရောက်ရန် နော်ဒစ်နိုင်ငံ တစ်နိုင်ငံဖြစ်သော ဖင်လန်အနေဖြင့် ချက်ချင်း လျှောက်ထားသင့်ဟု ဖင်လန်သမ္မတနှင့် ဝန်ကြီးချုပ်တို့က ကြေညာခဲ့သည်။

ဖင်လန်လွှတ်တော်တွင် နေတိုးထဲ ဝင်ရေးကိစ္စ ဆွေးနွေးရန် လိုအပ်နေသေးသော်လည်း ဖင်လန်သမ္မတနှင့် ဝန်ကြီးချုပ်တို့၏ ကြေညာချက်အရ သေချာသလောက် ဖြစ်နေပြီဟု သိရသည်။ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ် ပြီးမြောက်ရန် လပေါင်းများ စွာ အချိန်ယူရန် လိုသေးသည်။ မရှေးမနှောင်းမှာပင် နေတိုး၏ အရိပ်အာဝါသအောက်တွင် ခိုလှုံရန် ဆွီဒင်ကလည်း စဉ်းစားနေသည်။

ထိုသို့ အခြေအနေအပေါ် လက်တုံ့ပြန်ရာတွင် စစ်ရေးနည်းလမ်းကို မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ကရင်မလင်က သတိ ပေးခဲ့သည်။

ရုရှားသမ္မတ၊ ဆွီဒင် ဝန်ကြီးချုပ်၊ ဖင်လန်ဝန်ကြီးချုပ် (GETTY IMAGES)

တစ်ချိန်တည်းမှာပင် ရုရှားတပ်ဖွဲ့များသည် မြေပြင်၌ ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့၏ နောက်ဆုံး ခုခံနေမှု အပါအဝင် ယူကရိန်း အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်မြေများကို ချေမှုန်းလျက်ရှိသည်။ သို့သော် ယူကရိန်းအစိုးရကလည်း နိုင်ငံ၏အရှေ့မြောက်ဘက်ရှိ မြို့ရွာအချို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ဒွန်ဘတ်စ် စက်မှုဒေသသို့လည်း တန်ပြန် ထိုးစစ်ဆင်နိုင်ခဲ့သည်။

ပဋိပက္ခ စတင်စဉ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရုရှားစစ်သားတစ်ဦးကို စစ်ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးခြင်းအား ကိယက်ဗ်မြို့တွင် ယနေ့(မေလ ၁၃ ရက်)တွင် လုပ်ဆောင်ရန် စီစဉ်ထားသည်။ ဖမ်းဆီးခံထားရသော အသက် ၂၁ အရွယ်ရှိ ရုရှားတင့်ကားတပ်ဖွဲ့မှ စစ်သားတစ်ဦးသည် စစ်စတင်ချိန် ရက်သတ္တပတ်အတွင်းက စက်ဘီးစီးနင်းလာသည့် အရပ်သား တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက စွပ်စွဲထားသည်။

ဖင်လန်နှင့်ဆွီဒင်တို့ နေတိုးထဲသို့ ဝင်ရောက်ကြခြင်းသည် ဥရောပ၏ လုံခြုံရေး အခင်းအကျင်းကို ကြီးမားစွာ အပြောင်းအလဲ ဖြစ်စေနိုင်သည်။ ဆွီဒင်သည် ယင်းကဲ့သို့ စစ်ရေး မဟာမိတ်ဖွဲ့ခြင်းကို နှစ်ပေါင်း ၂၀၀ ကျော် ရှောင်ရှားခဲ့သည်။ ဖင်လန်က လည်း ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်ကို စစ်ရှုံးပြီးနောက် ကြားနေမူဝါဒကို တစိုက်မတ်မတ် လက်ခံကျင့်သုံးခဲ့သည်။

Source: AP