CNI International News

ကိုလံဘို၊ မေလ ၁၃

လွတ်လပ်ရေးရပြီးနောက် ဆန္ဒပြပွဲများနှင့်အတူ ပိုမိုဆိုးရွားလာနေသော စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းတစ်ရပ်အနေဖြင့် မေလ ၁၂ ရက်နေ့တွင် သီရိလင်္ကာဝန်ကြီးချုပ်သစ်ကို သမ္မတက ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် ယခင်က ဝန်ကြီးချုပ်အဖြစ် ၅ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံရေး ဝါရင့်သူ ရာနေးလ်ဝစ်ရီမက်ဆင်းသည် ယခုအခါ တကျော့ပြန် ဝန်ကြီးချုပ်သစ်အဖြစ် ညွန့်ပေါင်းအစိုးရ တစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းရင်း ငွေကြေးမတည်ငြိမ်မှု ‌ဖြေရှင်းရန်နှင့် နိုင်ငံရေးအရ သဘောကွဲလွဲမှုများ အား ကုစားရန် ကြိုးပမ်းသွားရမည် ဖြစ်သည်။

“ကျနော်တို့မှာ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီကနေ ရုန်းထွက်ရမယ်” ဟု ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မကြာမီ ကိုလံဘိုမြို့ရှိ ဘုရားကျောင်းတစ်ကျောင်းသို့ ထွက်ခွာစဉ် ဝစ်ရီမက်ဆင်းက ရိုက်တာသို့ ပြောကြားခဲ့သည်။ “ဖြစ်နိုင်ခြေရှိသည့် ဖြေရှင်းနည်း ရှိ/မရှိ” ဆက်လက်မေးမြန်းရာ ၎င်းက “လုံးဝ ရှိပါ တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အသက် ၇၃ နှစ်အရွယ်ရှိ ဝစ်ရီမက်ဆင်းသည် သီရိလင်္ကာအနာဂတ်အတွက် အာမခံချက်ရရှိရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) နှင့် ဆက်ဆံရာတွင်လည်း စီးပွားရေးအတွေ့အကြုံရှိသည့် လစ်ဘရယ်သမားတစ်ဦး ဖြစ်သည်။

သူသည် အာရှနှင့်ဥရောပသို့ ဆက်သွယ်ရာ ရေလမ်းခရီးပေါ်တွင် တည်ရှိသော ၎င်းတို့ကျွန်းနိုင်ငံအတွက် အဓိက ရင်းနှီးမြှုပ်နှံသူများ၊ ငွေချေးသူများနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ တရုတ်တို့နှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်ခဲ့သည့် အစဉ်အလာရှိသည်။

“ကျနော့်ဆန္ဒနဲ့ ခန့်အပ်ခဲ့တဲ့ ဝန်ကြီးချုပ်သစ်နဲ့အတူတူ လက်တွဲပြီး အင်မတန်ခက်ခဲရှုပ်ထွေးလှတဲ့ကာလကို ဖြတ်သန်းပြီးတော့ ကျနော်တို့နိုင်ငံကို စိန်ခေါ်နေသည့်အကျပ်အတည်းတွေ ဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု သီရိလင်္ကာသမ္မတက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

လက်ရှိအကျပ်အတည်းသည် ဝစ်ရီမက်ဆင်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် တည်ရှိနေသည်။

ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးစီမံခန့်ခွဲမှု လွဲချော်ခြင်း၊ Covid-19 ကပ် ရောဂါနှင့် စွမ်းအင်ကုန်ကျစရိတ်များ အဆမတန်တက်လာခြင်းတို့ကြောင့် ပြည်တွင်းသုံး လောင်စာဆီနှင့် မရှိမဖြစ်ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်သည်အထိ အခြေအနေဆိုးရွားလာခဲ့သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်လည်း နေ့စဉ် ရင်ဆိုင်နေရသည်။

Source: Reuters