CNI International News

ကိုလံဘို၊ မေလ ၁၂

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်စာနှင့် ညီအစ်ကိုတော်စပ်သူ မဟိန္ဒာရာဂျာပက်စာသည် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်သွားပြီးနောက် သမ္မတသည် ယခုသီတင်းပတ်အတွင်း ဝန်ကြီးချုပ်အသစ် ထပ်မံခန့်အပ်ပြီး အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဝန်ကြီးချုပ်သစ်နှင့် အစိုးရအဖွဲ့တို့ကို လွှတ်တော်ထဲရှိ အမတ်နေရာအများစုထဲမှ ရွေးချယ်ခန့်အပ်သွားမည်ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

“လက်ရှိအခြေအနေတွေကို ထိန်းဖို့၊ တိုင်းပြည်မှာ မင်းမဲ့စရိုက်တွေ မကျရောက်အောင် ကာကွယ်ဖို့နဲ့ အစိုးရအသစ် ပြင်ဆင်ဖွဲ့ဖို့ ခြေလှမ်းစနေပါပြီ” ဟု မေလ ၁၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်ထဲ၌ သမ္မတက ပြောကြား ထားသည်။

နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်မရှိသေးပါက ရက်သတ္တပတ်အတွင်း နုတ်ထွက်သွားမည်ဟု သီရိလင်္ကာနိုင်ငံ၏ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက သဘောထားမှတ်ချက်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ အစိုးရသစ် ဖွဲ့စည်းရေး ပေါ်ပေါက် လာခြင်းဖြစ်သည်။

လူဦးရေ ၂၂ သန်းရှိသည့် ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာတွင် ဆိုးရွားနေသည့်စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ဖို့ အထောက်အကူပြုရန်အတွက် ပြီးခဲ့သည့်လ၌ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသူ ပီနန်ဒလယ်ဝီရာဆိုင်းက အစိုးရအနေဖြင့် မတည်ငြိမ်မှုများကို ထိန်းသိမ်းနိုင်ဖို့ မရှိမဖြစ် အရေးကြီးကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

“နောက်နှစ်ပတ်အတွင်း နိုင်ငံရေးတည်ငြိမ်အောင် မထိန်းနိုင်ဘူးဆိုရင် ကျနော် ဆက်မလုပ်တော့ဘူးလို့ သမ္မတနဲ့ တခြားပါတီခေါင်းဆောင်တွေကို ကျနော် အတိအလင်း ပြောပြီးပါပြီ” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“နိုင်ငံရေးတည်ငြိမ်မှုမရှိရင် ဗဟိုဘဏ်ကို ဘယ်သူက ကိုင်တွယ်အုပ်ချုပ်နေသလဲဆိုတာ ပြောစရာ မလိုတော့ ပါဘူး။ စီးပွားရေးယိုယွင်းမှု ရပ်တန့်ဖို့ နည်းလမ်း မရှိတော့ပါဘူးဗျာ” ဟု ၎င်းက သဘောထားမှတ်ချက်ပေးခဲ့သည်။

သာမန်ပြည်သူများအနေဖြင့် မီးဖိုချောင်သုံးဓာတ်ငွေ့၊ လောင်စာဆီနှင့် ဆေးဝါးများအပါအဝင် အသုံးအဆောင် ပစ္စည်းများ ပြတ်လပ်နေသဖြင့် အကြီးအကျယ်အခက်အခဲတွေ့နေခဲ့ရသည်။

တစ်လကျော်ကြာ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပြီး အာဏာရပါတီထောက်ခံသူများက အစိုးရဆန့်ကျင်သူများ၏ သပိတ်စခန်းကို ဝင်ရောက်ရိုက်နှက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာ ဝန်ကြီးချုပ် နုတ်ထွက်ခဲ့ရသော်လည်း ယခု သီတင်းပတ်အထိ လူထု၏ဒေါသမှာ ပြင်းထန်နေဆဲဖြစ်သည်။

မေလ ၁၁ ရက်တွင် ရာဂျာပက်စာမိသားစု၏ ဇာတိမြေဖြစ်သော ဝီရာကီတီယာမြို့၏လမ်းများပေါ်တွင် ရဲနှင့် စစ်သားများ ကင်းလှည့်နေခဲ့ကြပြီး ကာဖြူးအမိန့်ကို မေလ ၁၂ ရက်နံနက်အထိ ထုတ်ပြန်ထားကာ ဈေးဆိုင်နှင့် စီးပွားရေးလုပ်ငန်းများ ခေတ္တပိတ်ထားခဲ့ရသည်။

Source: Aljazeera