CNI International News

ကိုလံဘို၊ မေ ၁၇

အကျပ်အတည်းဆိုက်ရောက်နေသော မိမိတို့နိုင်ငံတွင် လောင်စာဆီဖြန့်ဖြူးပေးနိုင်ခြင်း နောက်ဆုံးနေ့သို့ နီးကပ်လာပြီဖြစ်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်သစ်က မေလ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

ယခင် သီတင်းပတ်ကမှ ဝန်ကြီးချုပ်ဖြစ်လာသူ ရာနေးလ်ဝစ်ရီမီဆင်းက “တိုင်းပြည်အတွက် အရေးကြီးသော သွင်းကုန်များ ဝယ်ယူပေးချေရန် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇၅ သန်း အရေးပေါ်လိုအပ်နေကြောင်း” ၎င်း မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

“လောလောဆယ် ကျနော်တို့မှာ တစ်ရက်စာသုံးဖို့ပဲ ဓာတ်ဆီကျန်တော့တယ်ဗျ။ နောက်လတွေဆိုရင် ကျနော်တို့ ဘဝတွေ အခက်ခဲဆုံးဖြစ်လာတော့မှာပါ” ဟု ၎င်းက တိုင်းပြည်သို့ ရှင်းပြခဲ့သည်။

“ကျနော်တို့တတွေဟာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အခုကာလ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ မိမိကိုယ်ကို ပြင်ဆင် ထားရပါလိမ့်မယ်” ဟု ဝစ်ရီမီဆင်းက ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယချေးငွေကို သုံး၍ ဓာတ်ဆီနှင့် ဒီဇယ်ဆီရမည်ဆိုလျှင် လာမည့်ရက်အနည်းငယ်အတွင်း အသက်ရှုချောင် နိုင်မည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တိုင်းပြည်အကျပ်အတည်းကြောင့် လက်ရှိသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာနှင့် ၎င်း၏မိသားစုအပေါ် မကျေနပ်ကြသည့် လူထုဆန္ဒပြမှုများကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတ၏အစ်ကိုဖြစ်သူ မဟိန္ဒာသည် ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးခဲ့ရသည်။ ယင်းနောက် ပြီးခဲ့သည့်သီတင်းပတ်၌ အစိုးရ ထောက်ခံသူ များနှင့် ဆန့်ကျင်ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ လူ ၉ ဦးသေဆုံး၍ ၃၀၀ ကျော် ဒဏ်ရာရခဲ့သည်။

သမ္မတသည် အတိုက်အခံလွှတ်တော်အမတ်အဖြစ် ၅ ကြိမ်တိုင်တိုင် လုပ်ကိုင်ခဲ့ဖူးသူ ဝစ်ရီမီဆင်းကို ဝန်ကြီးချုပ် နေရာ အစားထိုးခန့်အပ်ခဲ့ပြီး ဆန္ဒပြသူများကို နှိမ်နင်းရန် အပြင်းအထန်ကြိုးပမ်းခဲ့သည်။

သို့သော် ဂိုတာဘာယာရာဂျာပက်ဆာအနေဖြင့် သမ္မတနေရာ၌ ဆက်ယူထားမည်ဆိုပါက ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်သွားမည်ဟု အစိုးရဆန့်ကျင်သူများက ပြောကြားခဲ့ကြသည်။

ဝစ်ရီမီဆင်းကို သမ္မတ၏လက်ကိုင်တုတ်ဟု တံဆိပ်ကပ်ပြီး ရာဂျာပက်ဆာညီအစ်ကိုများ ဦးဆောင်သည့် နိုင်ငံရေး ပါတီဝင်များဖြင့် အစိုးရကက်ဘိနက်ဝန်ကြီး ၄ ဦး ခန့်အပ်ခြင်းကိုလည်း ဝေဖန်အပြစ်တင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ “တိုင်းပြည်ကောင်းကျိုးအတွက် ကျနော် တာဝန်ယူထားပါတယ်” ဟု ဝစ်ရီမီဆင်းက မေလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

Source: Reuters