CNI International News

ကိုလံဘို၊ မေလ ၂၁

သီရိလင်္ကာအာဏာပိုင်များသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကြောင့် လောင်စာဆီ နောက်ဆုံးရက် တဖြည်းဖြည်း နီးကပ်လာ၍ ကြိုတင်ပြင်ဆင်မှုများ အပူတပြင်း လုပ်ဆောင်နေကြရာ စာသင်ကျောင်းများ ပိတ်ထားရန်နှင့် အစိုးရဝန်ထမ်းများ ရုံးမတက်ကြရန် ကန့်သတ်ခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

လောင်စာဆီ ပြတ်လပ်မှုနှင့် သယ်ယူပို့ဆောင်ရေး ပြဿနာများကြောင့် မရှိမဖြစ် အလုပ်ဆင်းရသူများမှအပ အစိုးရဝန်ထမ်းများ နေအိမ်များ၌ နေကြရန်နှင့် လုပ်ငန်းဆောင်တာများ လတ်တလော ရပ်တန့်ထားရန် မေလ ၂၀ ရက်တွင် ဌာနဆိုင်ရာအလိုက် ညွှန်ကြားခဲ့သည်။

နိုင်ငံတဝန်း စက်သုံးဆီ အရောင်းဆိုင်များတွင် ရက်ပေါင်းများစွာကြာအောင် တန်းစီ စောင့်ဆိုင်းနေရသော လူပေါင်းထောင်နှင့်ချီ၍ ရှိနေဆဲဖြစ်ပြီး လောင်စာဆီ ပြတ်လပ်မှု ပိုဆိုးလာ၍ မေလ ၂၀ ရက်တွင် အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများပါ ပိတ်ထား စေခဲ့ရသည်။

သီရိလင်္ကာ လောင်စာဆီ ထည့်ရန် စောင့်နေကြ(GETTY IMAGES)

အထူးသဖြင့် သီရိလင်္ကာနိုင်ငံတွင် ဓါတ်ဆီ ပြတ်လုနီး အခြေအနေနှင့် ရင်ဆိုင်နေရပြီး အခြား လောင်စာဆီများလည်း ဝယ်မရတော့ပေ။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာသည် လောင်စာဆီ၊ သဘာဝဓါတ်ငွေ့နှင့် အခြားအသုံးအဆောင် များ မတင်သွင်းနိုင်သဖြင့် ဒေဝါလီခံရပြီးနောက် အစိုးရက နိုင်ငံခြားငွေ ရရှိရန် မနည်းရုန်းကန်နေရသည်။

တိုင်းပြည် စီးပွားရေး မပြေလည်မှုသည် နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး အစိုးရမှာ ဆန့်ကျင်ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။

သမ္မတ ဂိုတာဘာယာ ရာဂျက်ပက်ဆာသည် မေလ ၂၀ ရက်တွင် အစိုးရအဖွဲ့(ကက်ဘိနက်)ဝန်ကြီးသစ် ၉ ဦး ထပ်မံ ခန့်အပ်၍ ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့ပြီး ဝန်ကြီး အရေအတွက် ၁၃ ဦးအထိ တိုးမြှင့်ခြင်းအားဖြင့် အစိုးရတည်ငြိမ်စွာ အုပ်ချုပ်နိုင်ရေး ကြိုးပမ်း နေသည်။

သီရိလင်္ကာစာသင်ကျောင်း(GETTY IMAGES)

ဝန်ကြီးအသစ်များတွင် တသီးပုဂ္ဂလိက လွှတ်တော်အမတ် ၄ ဦး၊ အာဏာရပါတီမှ လွှတ်တော်အမတ် ၃ ဦးနှင့် အဓိက အတိုက် အခံ ပါတီမှ ၂ ဦးတို့ ပါဝင်ကြသည်။ အာဏာရပါတီမှ လွှတ်တော်အမတ် ၄ ဦးကိုတော့ အစိုးရဝန်ကြီးအဖြစ် ယခင် သီတင်း ပတ်က အင်အားတိုး ခန့်အပ်ခဲ့ပြီး ဖြစ်သည်။

ရာဂျာပက်ဆာသည် ပြီးခဲ့သည့် ဧပြီလ အစောပိုင်းတွင် ညီညွတ်သော အစိုးရတစ်ရပ် ဖြစ်လာစေရန် ကြိုးပမ်းခဲ့သော်လည်း သီရိလင်္ကာတွင် အားအကောင်းဆုံး အတိုက်အခံပါတီဖြစ်သည့် လူထုစည်းလုံးရေးအင်အားစု (UPF) ပါတီက ၎င်း၏အဆိုကို ပယ်ချခဲ့သည်။

Source: AP