CNI International News

ဝါရှင်တန်၊ မေလ ၂၁

လူမျိုးရေး အစွန်းရောက်ဝါဒီများ ဖြစ်ကြသည့် ကာဟန်ချိုင်း (Kanhane Chai) အမည်ရှိ အစ္စရေးအဖွဲ့ တစ်ဖွဲ့ကို နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းစာရင်းမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖယ်ရှားပေးလိုက်ကြောင်း၊ ထိုလုပ်ရပ်သည် အစ္စရေး လက်ယာအစွန်းရောက် အုပ်စုများ အားကောင်းစေလာနိုင်သည်ဟု အမေရိကန်လိုလားသူများက သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ မေလ ၂၀ ရက်တွင် ထုတ်ပြန်ချက် တစ်စောင် ထွက်ရှိလာခဲ့ရာ ကာဟန်းချိုင် အပါ အဝင် အဖွဲ့ ၅ ဖွဲ့ကို ၎င်းဝန်ကြီးဌာန၏ FTO ဒေတာဘေ့စ်မှ ဖယ်ရှားရန် ပုံမှန် လုပ်ထုံးလုပ်နည်း၏ တစိတ်တပိုင်းအဖြစ် လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားဥပဒေ (INA) အရ ညွှန်ကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

“INA ၏ တောင်းဆိုချက်အရ မိမိတို့ဌာနသည် ရုပ်သိမ်း ဖယ်ရှားပေးသည့် အာမခံချက် ပေးသောပုံစံဖြင့် FTO သတ်မှတ် ကန့်သတ်ချက်များကို ၅ နှစ်လျှင် တစ်ကြိမ် ပြန်လည်သုံးသပ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

“ယခု FTO သတ်မှတ်ချက် ၅ ခုကို INA ပြဋ္ဌာန်းချက်အတိုင်း ပြန်လည် သုံးသပ်ရာတွင် အဆိုပါ အဖွဲ့ ၅ ဖွဲ့သည် အကြမ်းဖက် ဝါဒ (သို့မဟုတ်) အကြမ်းဖက် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့သည့် စွမ်းဆောင်ရည်နှင့် ရည်ရွယ်ချက်များ မပါရှိတော့ကြောင်း ဆုံးဖြတ်ခဲ့သည်” ဟု ၎င်းထုတ်ပြန်ချက်ထဲ၌ ရေးသားထားသည်။

အမေရိကန်ဌာန(GETTY IMAGES)

၎င်းအဖွဲ့ကို အစ္စရေးနိုင်ငံတွင် မတည်ထောင်မီက Kahane ဆက်နွှယ်နေသူများသည် အမေရိကန်နိုင်ငံထဲတွင် ဂျူး ကာကွယ်ရေးအဖွဲ့ချုပ် (JDL) ကို စတင်ဖွဲ့စည်းခဲ့ပြီး သဘောထား တင်းမာသော အစ္စရေးလိုလားသည့် အုပ်စုအဖြစ် အမေရိကန်မြေပေါ် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုအချို့နှင့် ပတ်သက်နေခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု အချို့တွင် ၁၉၈၅ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်၌ ပါလက်စတိုင်း-အမေရိကန် စည်းရုံးရေးမှူး အဲလက်အိုဒက် (Alex Odeh) လုပ်ကြံ သတ်ဖြတ် ခံရမှုလည်း ပါဝင်ခဲ့သည်။

“အဲဒီအုပ်စုတွေဟာ ပါလက်စတိုင်း အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေက ဆက်လက် ကျူးလွန်ကြဖို့၊ လှုံ့ဆော်ကြဖို့ အတွက် တခြားအုပ်စုတွေ၊ နိုင်ငံရေးပါတီတွေထဲဆီ ခွဲထွက်သွားခဲ့ပါတယ်” ဟု ဂျော့ဝါရှင်တန်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဝီလျံလာဖီယူမန်းစ်က ပြောကြားခဲ့သည်။

၎င်းသည် အဲလက်စ်အိုဒက် လုပ်ကြံခံရမှု ဖြစ်စဉ်ကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေသူ ဖြစ်သည်။

“အခုလို အကြမ်းဖက် စာရင်းက ဖယ်ရှားမယ့်အစား နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပိုမိုဖိဖိစီးစီး တိုးချဲ့သတ်မှတ်သင့်ပါတယ်။ ပါလက်စတိုင်း လူမျိုးတွေအပေါ် လက်ယာယိမ်းတဲ့ အကြမ်းဖက်မှု ကျရောက်အောင် အမေရိကန်ဘက်က လိုလား နေတာကြောင့် ဒီလိုမျိုး စာရင်းထဲက ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ယခုသီတင်းပတ် အစောပိုင်း၌ အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။

Source: Aljazeera