CNI International News

တီဟီရန်၊ဖေဖော်ဝါရီ ၈

လေတပ်အင်အားကို ပြသရန်အတွက် အီရန်နိုင်ငံသည် အရေးပါသော မြေအောက် စစ်စခန်းတစ်ခုကို ဖွင့်လှစ် ပြသခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

Eagle 44 ဟု အမည်ပေးထားသော ထိုစခန်းတွင် ဂျက်တိုက်လေယာဉ်နှင့် စစ်ဘက်သုံး ဒရုန်းပေါင်းများစွာ ရှိနေသည်ကိုလည်း နိုင်ငံပိုင်ရုပ်သံတွင် အင်္ဂါနေ့က ပြသခဲ့သော်လည်း နေရာ အတိအကျကို မသိရသေးပေ။

ထိုစခန်းသည် ကာကွယ်ရေး စနစ်များကို ကျော်ဖြတ်နိုင်ကြောင်း သိရသည်။ အလားတူ အမေရိကန်၏ ဗုံးကြဲ လေယာဉ်များ၏ အန္တရာယ်မှ ကာကွယ်ရန် ထိုစခန်းကို တောင်များတွင် တူးဖော်တည်ဆောက်ထားသည်ဟု အီရန်ဘက်က ပြောသည်။

အမေရိကန်နဲ့ အစ္စရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု(GETTY IMAGES)

ဖွင့်ပွဲ အခမ်းအနားကို အီရန်ထိပ်တန်း စစ်ဘက်အရာရှိများ တက်ရောက်ခဲ့သည်။ ထိုဖွင့်ပွဲသည် အမေရိကန်နှင့် အစ္စရေးတို့က အကြီးမားဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို လုပ်ဆောင်ပြီး ၁၄ ရက် မပြည့်ခင် ဖြစ်ပေါ်လာခဲ့ သည်။

ထိုစစ်ရေး လေ့ကျင့်မှုတွင် တပ်သား ထောင်ပေါင်းများစွာ အပြင် လေယာဉ်အများအပြားနှင့် ရေတပ်သင်္ဘောများ၊ အမြောက်စနစ်များလည်း ပါဝင်ခဲ့သည်။

ထို့နောက် တင်းမာမှုရှိနေသော အီရန်နိုင်ငံကို သတိပေးခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရသည်။

အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည်လည်း အီရန်၏ စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်မှုဖြစ်ကာ အီရန်ဘက်က ၎င်း တို့ စစ်တပ်၏ အသင့် အနေအထားတွင် ရှိနေမှုကို ပြရန် ကျယ်ပြန့်သော စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင် ခဲ့သည်။

အီရန်စစ်တပ်သည် Asef ဟုခေါ်သော ဒုံးကျည်သစ် တစ်မျိုးကိုလည်း ထုတ်ဖော်ပြခဲ့သည်။ ယင်းသည် တာဝေးပစ် နိုင်သည့် ဝေဟင်ပစ် ခရုစ်ဒုံးကျည် တစ်မျိုး ဖြစ်သည်။ အီရန်လေတပ်၏ ရုရှားလုပ် Sukhoi Su-24 လေယာဉ်များ တွင် တပ်ဆင်နိုင်သည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

အီရန်က ထုတ်ပြလိုက်တဲ့ မြေအောက်စစ်စခန်းကိုတွေ့ရစဉ်(GETTY IMAGES)

အီရန်သည် ရုရှားထံမှ ပိုမိုခေတ်မီသော Su-35 ဂျက်လေယာဉ်များကို မကြာခင် ရရှိတော့မည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

အီရန် တာဝန်ရှိသူများဘက်မှ ထိုလေယာဉ်များကို စိတ်ဝင်စားမှုရှိကြောင်း ပြောခဲ့သော်လည်း မည်သည့်အချိန် တွင် ရုရှားမှ ရောက်ရှိလာမည်ကို မပြောခဲ့ပေ။

စစ်စခန်းများသည် လေယာဉ်အသစ်များကို မကြာခင် လက်ခံရရှိတော့မည်ဟု အီရန်ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ပြောသော်လည်း မရှင်းပြခဲ့ပေ။ မည်သည့် နိုင်ငံမဆို အစ္စရေးအတွက် အီရန်ကို တိုက်ခိုက်ခဲ့မည်ဆိုလျှင် ထိုနိုင်ငံသည် ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း အီရန်စစ်ဘက်အရာရှိ တစ်ဦးက ပြော သည်။

အီရန်စစ်တပ်တွင် Eagle-44 ကဲ့သို့ နောက်ထပ် စစ်စခန်းများစွာ ရှိနေသည်ဟုလည်း နိုင်ငံပိုင် ရုပ်သံတွင် ဖော်ပြ သည်။

Source: အယ်ဂျာဇီးယား