CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သည် စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသော မြို့နယ်များထဲတွင် ပါဝင်သဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်နေသည့် MOU လုပ်သားများ၏ လုံခြုံရေးမှာ ပို၍ စိုးရိမ်ရကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် MOU လုပ်သားများအား စေလွှတ်ရာတွင် မြဝတီ-မဲဆောက် အမှတ် (၂) တံတား လမ်းကြောင်းမှ အဓိကအများဆုံးစေလွှတ်ခြင်းဖြစ်ပြီး ထိုသို့စေလွှတ်ရာတွင် မြဝတီ-ကော့ကရိတ် (အာရှလမ်းမကြီး) မှ ဖြတ်သန်းသွားလာရခြင်းဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့်အခါတွင် အလုပ်သမားများအတွက် စိုးရိမ်စရာ ဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ဒီလို ရွှေ့ပြောင်းအလုပ်သမားစေလွှတ်တဲ့လမ်းကြောင်းမှာ စစ်ဇုန်အဖြစ် ကြေညာတာ တစ်နည်းအားဖြင့် စစ်ရိပ် မျက်နှာစာအဖြစ်ကြေညာတာတွေဟာ အပြစ်မဲ့တဲ့ သွားလာနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအပါအဝင် နယ်မြေခံ ပြည်သူတွေအတွက်လည်း အန္တရာယ်ကြီးတာပေါ့။ ဒါဟာ အကြောက်တရားတစ်ခု ပိုမို ဖြစ်စေဖို့အတွက် တံဆိပ် ရိုက်လိုက်တယ်လို့ မြင်တယ်။ ဒီအလုပ်သမားတွေကို တာဝန်ယူစေလွှတ်တဲ့ သက်ဆိုင်ရာ အေဂျင်စီ တွေအပေါ်မှာ ပိုတာဝန်ကြီးသွားတာပေါ့။ နောက်တစ်ခုက ကျနော်တို့နိုင်ငံမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် တရားဥပဒေစိုးမိုးမှုဆိုတာ လုံးဝ လုံးဝ မရှိဘူး ဖြစ်တဲ့အတွက် အလုပ်သမားတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးကို ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်သတိထားဖို့ လိုအပ်သလို ဒီအလုပ်သမားတွေကို တာဝန်ယူ စေလွှတ်တဲ့ အေဂျင်စီက ပိုမိုပြီးတော့မှ ဂရုစိုက်သင့်တယ်၊ တာဝန်ယူသင့်တာပေါ့နော်။ နောက် အလုပ်သမားတွေ အစုလိုက် အပြုံလိုက် ရာနဲ့ချီ ထောင်နဲ့ချီ express ကားကြီးတွေနဲ့ တောတောင် ဖြတ်ပြီးတော့ နယ်စပ်ကိုလာတာဖြစ်တဲ့အတွက် အင်မတန် အန္တရာယ်ကြီးတာပေါ့” ဟု ၎င်းက ပြောသည်။

MOU ဖြင့် စေလွှတ်နေသည့် မြန်မာအလုပ်သမားများ

စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည်ဆိုသော်လည်း တိုက်ပွဲများ မဖြစ်ပွားပါက ရွှေ့ပြောင်းအလုပ်သမားများ သာမက ဒေသခံများအတွက်ပါ အဆင်ပြေသော်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါက မိမိလုံခြုံရေးအား မိမိသာလျှင် တာဝန်ယူရမည့် အနေအထားဖြစ်ကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက် ခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်လမ်းကြောင်းများမှ တရားဝင်သာမက တရားမဝင်နည်းလမ်းဖြင့်ပါ သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် MOU အလုပ်သမားများသာမက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့်ပါ ယခင်ထက်ပို၍ သတိထား သွားလာရန်သာ အရေးကြီးကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက အကြံပြုသည်။

MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “စစ်အုပ်ချုပ်ရေးအနေနဲ့ ကြေညာထားတယ်ဆိုတော့ သူတို့အတွက် လည်း စိတ်ပူရတာပေါ့။ သွားရလာရတာ အရင်ကထက် အလုပ်သမားတွေအတွက် စိုးရိမ်စရာဖြစ်တာပေါ့။ စစ်ပွဲတွေ ဘာတွေဖြစ်လာမယ်၊ အင်မတန်မှ အနှောင့်အယှက်တွေ ဖြစ်လာနိုင်တာပေါ့။ စစ်ပွဲဖြစ်၊ မဖြစ် အဲဒီ အပေါ်မှာပဲ မူတည်ပါတယ်။ စစ်ပွဲမဖြစ်ရင်တော့ သိပ်စိုးရိမ်စရာ မရှိလောက်ပါဘူး။ စစ်ပွဲဖြစ်ရင်တော့ MOU နဲ့ လာတဲ့ အလုပ်သမားတွေလည်း ရပ်နားနိုင်ဖွယ် ရှိတာပေါ့။ တိုက်ပွဲတွေဘာတွေဖြစ်ပြီဆိုရင် အောက်လမ်းက လူတွေအတွက်လည်း ဒါ သွားလာရတာ အင်မတန်မှ ခက်ခဲတယ်။ အလုပ်သမားတွေပဲဖြစ်ဖြစ်၊ ဒေသခံတွေပဲ ဖြစ်ဖြစ်၊ ကျနော်တို့အမြင်ကတော့ ကိုယ့်ကိုယ်ကိုကနေပြီး လုံခြုံဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ စောင့်ရှောက်ရမယ့် အနေအထားပါ။ တကူးတကကို ပြည်တွင်းမှာကတော့ ခရီးသွားပြည်သူတွေအတွက်သော်လည်းကောင်း၊ MOU နဲ့ လာတဲ့ ရွှေ့ပြောင်းအတွက်သော်လည်းကောင်း သီးသန့်စီမံချက်တွေ၊ သူတို့အတွက် လုံခြုံရေးတွေချတာ ကျနော် တို့ကတော့ မတွေ့ရှိပါဘူး။ သွားလာသူအတွက်ပဲ အဓိက ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ သွားလာဖို့ အတွက်ပဲ အရေးကြီးတယ်လို့ပဲ သုံးသပ်မိပါတယ်” ဟု ပြောသည်။

ကော့ကရိတ်မြို့အဝင်ဆိုင်းဘုတ်

ကော့ကရိတ်မြို့အား စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် MOU အလုပ်သမားများ စေလွှတ်ရာတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အပြည့်အဝ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်ကြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သို့ ပြောသည်။

“လုံးဝကို တာဝန်ယူသင့်တာပေါ့။ ဒီလိုလမ်းကြောင်းမှာ ဒီလိုဖြစ်နေရင် ဘယ်ပုံသဏ္ဍာန်နဲ့ အလုပ်သမားတွေကို မထိခိုက်ဘဲနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမလဲဆိုတာကို ပြင်ဆင်သင့်တာပေါ့ ဝန်ကြီးဌာနက။ အဲဒီတော့ နယ်စပ်မှာ ဒီ မြဝတီ-မဲဆောက်နယ်စပ်ကို အများဆုံး MOU ကူးကြနေတဲ့ ဒီလမ်းကြောင်းကို စစ်ဇုန်အဖြစ် ကြေညာတယ်ပေါ့နော်။ ဒါတစ်နည်းအားဖြင့် ဥပဒေမဲ့၊ အကြောင်းမဲ့လည်း ပစ်သတ်လို့ရတဲ့ပုံစံမျိုးတွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ အလုပ်သမားအရေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အလုပ်သမားတွေအပေါ်မှာ ပိုမိုပြီးတော့မှ စိုးရိမ်တာပေါ့နော်။ အစုလိုက်အပြုံလိုက်လာရင် ဘယ်သူဘယ်ဝါက ပစ်သွားမှန်းမသိ၊ ဘာမှန်းမသိ။ သူတို့ စစ်ဇုန်ကြေညာထားပြီးသားဖြစ်တဲ့အတွက် စစ်ဇုန်ထဲကို သွားနေတယ်၊ စစ်အုပ်ချုပ်ရေး ဒီလိုကြေညာထား တယ်၊ ဒါမျိုးတွေလည်း အကြောင်းပြချက်တွေ လာနိုင်တာပေါ့နော်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုရှိ မြို့နယ်(၃၇) မြို့နယ်အား စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် နစက-က အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့ နယ်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ၅ မြို့နယ်၊ ကယားပြည်နယ်တွင် ၄ မြို့နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် ၂ မြို့နယ်၊ မွန်ပြည်နယ်တွင် ၁ မြို့နယ်တို့ ဖြစ်ကြသည်။