CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆

ထိုင်းရှိ သက်တမ်းပြည့် MOU လုပ်သားများ နယ်စပ်၌ U-turn စနစ်ဖြင့် သက်တမ်းပြန်တိုးရာတွင် မိသားစု လွှဲပို့ငွေ အထောက်အထားပြသနိုင်မှသာ ထိုင်းသို့ ပြန်သွားခွင့်ရမည်ဖြစ်သောကြောင့် U-turn သမားများ မဝင်သလောက် ဖြစ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ဩဂုတ် ၁ ရက်မှ စတင်ကာ MOU U-turn စနစ်ဖြင့် သွားမည့် မြန်မာ လုပ်သားများအနေဖြင့် ၃ လစာ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ဘတ်ငွေ ၆၀၀၀ အား မိသားစုထံ လွှဲပို့ထားသည့် အထောက်အထားပြသနိုင်မှသာ သွားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာဦးဝင်းမြင့်က “အဲဒီအတွက်ကြောင့် U-turn တွေ မဝင်သလောက်ဖြစ်သွားတယ်။ အန်ကယ့်လူတွေလည်း ၃၀ ကျော်လောက် ရှိတယ်။ သူတို့လည်း အခက်အခဲ ဖြစ်နေတာ နံပါတ် ၁ က ငွေလွှဲဖို့ကိစ္စပဲ။ ငွေလွှဲဖို့ကိစ္စက ဟိုဘက်က အလုပ်သမားသံအရာရှိကလည်း ပြေလည် အောင် လက်ခံဆောင်ရွက်ပေးမှ ဒီဘက်က နိုင်ငံတော်အတွက် ပိုက်ဆံဝင်မှာ။ အခုလောလောဆယ်က ဟိုဟာ လက်မခံဘူး၊ ဒီဟာလက်မခံဘူး အဲဒါတွေလုပ်နေမယ် ဆိုရင်တော့ နိုင်ငံတော်အတွက် ပိုက်ဆံဝင်မှာမဟုတ်ဘူး။ အခု လောလောဆယ် western union bank ကို လူတွေသုံးနေကြတယ်။ မြန်မာအလုပ်သမားတွေက ပေါက်ဈေး နဲ့ များစွာကင်းကွာပေမယ့် နိုင်ငံတော်က သတ်မှတ်ချက် သူတို့က အလုပ်သမားတွေဖြစ်တဲ့အတွက် အလုပ်လုပ်မှ ထမင်းစားရမှာလေ။ အဲဒီတော့ နိုင်ငံတော်ရဲ့သတ်မှတ်ချက်ကို သူတို့က လိုက်နာမှာပဲ။ အဲဒီ လိုက်နာတဲ့လူတွေ အတွက်ကို လမ်းဖွင့်ပေးထားဖို့ လိုတယ်။ အဓိကက လမ်းဖွင့်မပေးထားဘူး။ ဖွင့်ထားတဲ့လမ်းတွေကလည်း အထစ် အငေါ့တွေ လုပ်ထားမယ်ဆိုရင် လျှောက်ရတဲ့လူတွေက အများကြီးအခက်အခဲတွေဖြစ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် စာရွက်စာတမ်းများ လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများ

မြဝတီနှင့် ကော့သောင်းမြို့များရှိ MOU U-turn စခန်းများတွင် U-turn လုပ်ငန်းစဥ်ဖြင့် လုပ်သားများ စေလွှတ်ရာ မှာ အခြေခံလစာ ၃ လစာ (ခန့်မှန်း ဘတ် ၂၄,၀၀၀)၏  ၂၅ ရာခိုင်နှုန်း (ဘတ် ၆,၀၀၀)ကို မိသားစုထံ သို့မဟုတ် မြန်မာနိုင်ငံက အလုပ်သမား၏ ဘဏ်စာရင်းကို တရားဝင်လွှဲပို့ထားကြောင်း အထောက်အထား ပြသနိုင်မှသာ စေလွှတ်မည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်က ညွှန်ကြားထားခြင်းဖြစ်သည်။

သက်တမ်းပြည့် MOU လုပ်သားများအနေဖြင့် မြန်မာပြည်သို့ မပြန်ချင်ကြသည့်အတွက်ကြောင့် မပေးချင်သော် လည်း မဖြစ်မနေ ပေးကိုပေးဆောင်ကြရမည့်အနေအထားဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ

"ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကလည်း မြန်မာပြည်ရဲ့ ဆိုးရွားတဲ့အခြေအနေတွေကြောင့် မဖြစ်မနေ MOU U-turn စနစ်ကို သွားတဲ့အခါမှာ သူတို့ အတင်းအဓမ္မတင်းကြပ်နေတဲ့ မူဝါဒတွေ အားလုံးကို လွန်ဆန်နိုင်စွမ်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှ သူမပြန်နိုင်တော့တာ။ ဆိုတော့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလိုပဲ။ ပေးကိုပေးရတော့မှာ။ ‌ဘောက်ချာတွေအကုန်ပြနိုင်မှ မိသားစုဆီလွှဲပြောင်းထားတဲ့ ၂၅ ရာခိုင်နှုန်းကို ဘောက်ချာတွေပြနိုင်မှ၊ ပြီးရင် ၂ ရာခိုင်နှုန်းအခွန်ဆောင်ထားတဲ့ ဘောက်ချာတွေပြနိုင်မှ U-turn စနစ်ကို ပြန်လည်ပြီးမှ ဆောင်ရွက်ပေးမယ်ဆိုတော့ သူတို့ပေးဆောင်ဖို့ကိုပဲ ပေးတော့မပေးချင်ဘူး။ သို့သော် ဒီနိုင်ငံထဲကို ပြန်ဝင်လာဖို့အတွက်က မဖြစ်မနေ ပေးရတော့မယ်ဆိုတာ သုံးသပ်နေပါတယ်" ဟု ၎င်းက ပြောသည်။

နယ်စပ်ဒေသများ၌ U-turn စနစ်အား နေ့ချင်းပြီးစေလွှတ်ရခြင်းဖြစ်ပြီး ထိုင်းဘက်အခြမ်းသို့ ၁၂ နာရီ ၃၀ မိနစ် မတိုင်မီ စေလွှတ်ရသည့်အတွက် မလိုလားအပ်သော ကြန့်ကြာမှုများ မရှိစေရန် မိသားစုလွှဲငွေ အထောက်အထား များအား U-turn စခန်းများသို့ မလာရောက်မီကတည်းက ကြိုတင်ပြင်ဆင်ထားရန်လည်း ညွှန်ကြားချက်တွင် ပါရှိသည်။