CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းအား တာဝန်ယူစေလွှတ်လိုက်သည့် အေဂျင်စီများမှ လုပ်သားများရှိရာထံသို့ သွားရောက်စည်းရုံး၍ တရားဝင်လမ်းကြောင်းမှတဆင့် ပို့ဆောင်စေရေး ဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဇူလိုင် ၇ ရက်နေ့တွင် အေဂျင်စီများကို ပြောကြားခဲ့သည်။

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ ဧကဒဿမအကြိမ်မြောက် နှစ်ပတ်လည် သင်းလုံး ကျွတ် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အေဂျင်စီများမှ စေလွှတ်လိုက်သည့် လုပ်သားဦးရေအလိုက် ၃ လအတွင်း မိသားစုလွှဲပို့ငွေ ပေးပို့ခြင်း ရှိ/မရှိ စာရင်းတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနဘက်မှလည်း မိသားစုလွှဲပို့ငွေနှင့်ပတ်သက်၍ ဖိအားပေးနေမှု၊ ပြည်ပရောက် လုပ်သားများမှလည်း ပြင်ပပေါက်ဈေးနှင့် ဘဏ်မှပေးသည့်နှုန်းထား များစွာကွာခြားနေမှုကြောင့် တရားဝင်လမ်းကြောင်းဖြင့် ငွေ မလွှဲကြမှု ၎င်းတို့၏ကြားတွင် အေဂျင်စီများသည် အခက်တွေ့နေရကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

၎င်းက “ငွေလွှဲတဲ့အခါ အပြင်ပေါက်ဈေးနဲ့ ဘဏ်ကပေးတဲ့ဈေးနဲ့ rate က ကွာနေတာ။ ကွာနေတော့ ကလေးတွေ က မလွှဲဘူး။ အဲဒါကို လွှဲရအောင်လို့ အေဂျင်စီတွေကို ဖိအားပေးတဲ့ အခြေအနေတွေရှိတာ။ လုပ်လို့မရဘူးဆိုတာ ပြောတာကို သူတို့က အတင်းလုပ်ခိုင်းတယ်လေ။ အမှန်မှန် လွှဲရမယ့်လူက ကလေးတွေ လွှဲရမှာလေ။ ဒါကို အေဂျင်စီတွေကနေ အတင်းကလေးတွေကို တာဝန်ယူရမယ့်ပုံစံ ပြောနေတော့ အေဂျင်စီတွေ ဒုက္ခရောက် နေတာ ပေါ့။ ထိုင်းကနေ ဒီဘက်ကိုလွှဲတဲ့အခါမှာ အပြင်မှာပေါက်ဈေးက ၁ ဘတ်ကို ၁၂၀ လောက်ပေါက်နေတယ် သူတို့ ပေးတာက ၉၀၊ ၉၈ လောက်ပဲပေးတာလေ။ အဲဒီမှာကလေးတွေက ပြဿနာတက်တာပေါ့ မလွှဲကြဘူးလေ။ တကယ်လို့သာ အခြားအခြေအနေမျိုးပေါ့ အခွင့်အရေးတွေ ပေးတယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ ဒီကွာနေလို့ ပြဿနာတက်တာပေါ့” ဟု ပြောသည်။ 

ထို့အပြင် ဇူလိုင် ၆ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်း(MOEAA) တို့ တွေ့ဆုံခဲ့ကြပြီး အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေနှင့် အခွန်ပေးဆောင်ရန်ကိစ္စအား ပြောဆိုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလုပ်သမားများ ပြည်ပ မထွက်ခွာမီ စာချုပ်ချုပ်ဆိုရာတွင် လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင် လမ်းကြောင်းဖြင့် ပေးပို့ရန်၊ အခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရန် ပါရှိပြီးဖြစ်သဖြင့် အေဂျင်စီများမှ အလုပ်သမား စေလွှတ်ရုံ မဟုတ်ဘဲ မိသားစုလွှဲပို့ငွေများ ပြန်ပို့စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် စေလွှတ်စာရင်းအရ မှတ်တမ်းတင်ထားပြီး မိသားစု လွှဲပို့ငွေပြန်ပို့ခြင်း ရှိ/မရှိ စိစစ်နေကြောင်း ဝန်ကြီး ကပြောခဲ့ကြောင်း သိရသည်။

 ပြည်ပထွက် အလုပ်လုပ်ကြမည့် သူများကိုတွေ့ရစဉ်

မိသားစုလွှဲပို့ငွေအပေါ် ဝန်ကြီးဌာနမှာ တိတိကျကျ ပြုလုပ်လာသဖြင့် မကြာခင်တွင် အေဂျင်စီများနှင့် စာချုပ် ချုပ်ဆိုပြီး ထွက်ခွာသွားသည့် လုပ်သားတိုင်း ပေးပို့ရတော့မည်ဖြစ်ပြီး ရှောင်လွဲ၍ မရနိုင်တော့ကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၂၅ ရာခိုင်နှုန်းကတော့ အလုပ်သမားတိုင်းမှာ တာဝန်ရှိတဲ့အကြောင်း တိတိကျကျ ပြောသွားတယ်။ ကျန်တဲ့ ပိုက်ဆံကတော့ သူတို့ဘာသာသူတို့ ဘာနဲ့လွှဲလွှဲ ၂၅ ရာခိုင်နှုန်းကတော့ ဘဏ်ကနေ  လွှဲကိုလွှဲရမယ့် တာဝန်ရှိတဲ့ အလုပ်သမားဖြစ်သွားပြီတဲ့။ ဝန်ကြီးကလည်း တိတိကျကျ ပြောတယ်။ သူတို့ရဲ့ပလက်ဖောင်းကြီး လုပ်ထား ပြီးသွားပြီ။ နောက် ဒီဘက်ကနေ ရေးဆွဲတဲ့ ကော်မတီတွေရှိလာပြီ။ စကတည်းက သွားထဲကိုက ပြန်တဲ့ အထိ သူတို့ ဘယ်လောက်သွင်းပြီးသွားပြီ ဘာညာအဲဒီဒေတာတွေ အစအဆုံး ထွက်တော့မှာ။ ပလက်ဖောင်းကြီး တယ် လုပ်ထားတာ တိကျတယ်” ဟု ပြောသည်။

ပြည်ပရောက် လုပ်သားများမှ တရားဝင်လမ်းကြောင်းဖြင့် ငွေများပေးပို့ရာတွင် တိုင်းပြည်၏ GDP ကို တိုးတက်စေသည့်အတွက် ယခုကဲ့သို့ တင်းကြပ်စွာ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ စေလွှတ်သည့် လုပ်သားဦးရေမှာ ၂ သိန်းနီးပါးရှိကြောင်း  အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။