CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်မှာ ၅၆၀ ခန့်အထိ ရှိလာသော်လည်း အမှန်တကယ် အလုပ် ခေါ်စာဖြင့် လုပ်သားစေလွှတ်သည့် အေဂျင်စီအရေအတွက်မှာ အနည်းငယ်သာရှိကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် အေဂျင်စီ အရေအတွက်မှာ ၃၀၀ ကျော်သာ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ၅၆၀ အထိရှိလာပြီး အေဂျင်စီများအား တင်းကြပ်စွာ စိစစ်အရေးယူမှု မရှိသည့်အတွက် အမှန်တကယ် လုပ်ကိုင်သူ ထက် အမည်ခံအေဂျင်စီများ ပို၍ တိုးလာခြင်းဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အေဂျင်စီတွေက ပြောရမယ်ဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စင်ပေါ်ရောက်တယ်ပေါ့။ စင်ပေါ် ရောက်တယ်လို့ ဘာလို့ပြောရသလဲဆိုတော့ အလုပ်သမားတွေပြောပြာတာ တကယ်လို့ သူတို့အနေနဲ့ ဒီအေဂျင်စီ မှာ လာအပ်တယ် ၁၅ သိန်းနဲ့ အပ်လို့ ဒီဘက်ကိုလာမယ့်လူက အေဂျင်စီက ချိန်းတဲ့အချိန်တွေ မလာဘူးဆိုရင် အေဂျင်စီတွေက ပြောတာပေါ့ မင်းတို့မလုပ်ချင်ဘူးလား မလုပ်ချင်ရင် ၁၅ သိန်းနဲ့ မလုပ်ချင်နေတော့ ၁၆ သိန်း ပေးမယ့်သူက တန်းစီနေတယ်။ အေဂျင်စီတွေအနေနဲ့က စင်ပေါ်ရောက်နေတဲ့ အခါကြတော့ အဲဒီ အေဂျင်စီ ထပ်ပြီးတော့ နာမည်ခံအေဂျင် စီလုပ်ချင်တဲ့လူတွေက များလာတာပေါ့။ အနည်းဆုံး နိုင်ငံခြားကို မပို့နိုင်ရင် တောင်မှ သူက သူတို့ဆီမှာ စာရင်းသွင်းကတည်းက ဘယ်လောက်ရာခိုင်နှုန်း သွင်းထားရမယ်ဆိုတာက ရှိပြီးသား။ အဲဒီတော့ သူတို့မှာ နိုင်ငံခြားမပို့တောင်မှပဲ သူတို့ရဲ့ တောင်းဆိုတဲ့ အခကြေးငွေတွေက ခိုင်လုံတဲ့ သူတို့အတွက် ရပ်တည်နိုင်တဲ့ သဘောရှိတယ်။ အဲဒါတွေလည်း တစ်ကြောင်းပါမယ်” ဟု ပြောသည်။
အလုပ်သမားရုံးကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်ပထွက်ခွာလိုသူ များပြားလာသည့်အတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း သည် လုပ်စားရ လွယ်ကူလာသည့်အတွက် ၎င်းတို့ တစ်ဦးတစ်ယောက်တည်း၏ အမည်ဖြင့် အေဂျင်စီဖွင့်ခြင်း အပြင် ဆွေမျိုး၊ သားသမီးတို့၏ အမည်ဖြင့်ပါ အေဂျင်စီထောင်ကြခြင်းများ ရှိကြောင်းလည်း သိရသည်။
၂ နှစ်အတွင်း အေဂျင်စီ အရေအတွက် နှစ်ဆနီးပါး တိုးလာသော်လည်း အမှန်တကယ် လုပ်ကိုင်နေကြသူများမှာ အေဂျင်စီအဟောင်းများသာ အဓိက လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အေဂျင်စီ ၅၆၀ လောက်ဖြစ်ပေမယ့် တကယ်လည်ပတ်တဲ့ အေဂျင်စီက နည်းပါတယ်။ တကယ် လည်ပတ် တဲ့ အေဂျင်စီက ၁၀၀ မှ မပြည့်ပဲ။ အေဂျင်စီ ၅၆၀ ဆိုတာက လိုင်စင်ကြီးမှာပဲရှိမယ်။ ထိုင်းကိုလုပ်တဲ့ လိုင်စင်က ၄၀၀ လောက်ရှိတယ်။ အဲဒီ ၄၀၀ မှာကလည်း တကယ်တမ်း လိုင်စင်ရထားပေမယ့် သူတို့မှာ အလုပ်ရှိမှ လည်ပတ် လို့ရတာလေ။ အမတို့ကြတော့ ကိုယ့် customer နဲ့ ကိုယ် လုပ်သက်ကလည်း နှစ်ပြည့်နေပြီ။ နောက် ဟိုဘက်က customer ကလည်း သူတို့ဟာသူတို့ လူကြည့်ပြီး ရွေးပြီးတော့မှ အလုပ်ပေးတာဖြစ်တဲ့ အတွက်ကြောင့် အမတို့ အတွက်ကတော့ ထူးထူးခြားခြား ဘာမှတော့ မဖြစ်ပါဘူး”ဟု ပြောသည်။
ထို့အပြင် တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီ အမည်ခံထားပြီး လုပ်သားများအား တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ တစ်ဖက်နိုင်ငံသို့ စေလွှတ်ခြင်းများအပြင် လူကုန်ကူးမှုများလည်းရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားများကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ MOU စေလွှတ်ရာ၌ ပြဿနာများအား လုပ်သားအများစု ကြုံတွေ့နေကြရသေးကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ ဥက္ကဋ္ဌ ဦးထွန်းဝင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြီးရင် မြန်မာကတက်လာတဲ့ MOU တွေ ဆောက်လုပ်ရေးနဲ့တက်လာတဲ့ MOU တွေက ကျနော်တို့ကို တိုင်ထားတာ တော်တော်များနေတယ်။ သူတို့က စာချုပ်တွေနဲ့ တက်လာတယ်။ ဒီရောက်တဲ့အချိန်မှာ ဘိုင်ကျန့်အော်(အလုပ်ထွက်စာ) မရတာနဲ့၊ အလုပ်ရုံတွေကနေ ပတ်စပို့တွေ သိမ်းထားတာနဲ့။ သူဋ္ဌေးတွေက ပိုက်ဆံမပေးတာနဲ့ ကျနော်တို့ကို လက်လှမ်းမှီသလောက် လိုက်လေ့လာတာ အများကြီးပဲ။ အဲဒီမှာ မြန်မာသံရုံးကို လွှဲပေးရတာလည်း ၂ ဖွဲ့ရှိတယ်” ဟု ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက် များပြားလာသည့် နောက်ဆက်တွဲ အနေဖြင့် အေဂျင်စီ အယောင်ဆောင်ကာ လိမ်လည်သူများမှာလည်း ဆင့်ကဲ တိုးပွားလာကြောင်း ထောက်ပြကြသည်။
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အေဂျင်စီများအား လိုင်စင်ချပေးရာတွင် အချက်အလက် ပြည့်စုံ သော်လည်း အမှန်တကယ် လုပ်သားစေလွှတ်နိုင်မှု မရှိသည့် ကာလများလာပါက ထိုအေဂျင်စီအား လိုင်စင်ပိတ် သိမ်းခြင်း၊ သေချာစိစစ်ခြင်းမျိုး လုပ်ဆောင်သင့်ကြောင်းလည်း ထောက်ပြကြသည်။