CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည် ဖြစ်ကြောင်း MOEAF တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ အစီအစဉ်ကို ဩဂုတ် ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လုံခြုံရေး Sticker ပါသော OWIC ကတ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမား ညွန်ကြားရေးဦးစီးဌာန၊ အလုပ်သမားလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရခြင်းမှာ အတုအပများ မရှိစေရန်နှင့် ပိုမို လုံခြုံမှုရှိစေရန်အတွက် ဖြစ်ကြောင်း၊ Sticker ပါသော OWIC ကတ် လုပ်ဆောင်ရာတွင် Card တစ်ခုလျှင် မူလသတ်မှတ်ကြေး မြန်မာငွေ ၅၇၀၀ ကျပ်အပြင် လုံခြုံရေး Sticker တစ်ခုအတွက် သတ်မှတ်ကြေး မြန်မာငွေ ၁၀၀ ကျပ် ပေးဆောင်ရမည်ဟု MOEAF တာဝန်ရှိ သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက “OWIC ကတ်ကို လုံခြုံရေး Sticker စနစ်သစ်နဲ့ ထုတ်ပေးတာဆို ပေမယ့် ကုမ္ပဏီတွေ အတွက်ကတော့ အလုပ်တစ်ခု ပိုလာမှာပေါ့၊ သက်ဆိုင်ရာဌာန အတွက်ကတော့ အတုထုတ် လို့ မရအောင်တော့ လုံခြုံရေး Sticker လုပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
အလုပ်သမားဦးစီးဌာနကိုတွေ့ရစဉ်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် နိုင်ငံကူးလက်မှတ်(Passport for job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပ သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အခါ လွယ်ကူ လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် OWIC ကတ်များကို ထုတ်ပေးလျက်ရှိသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ဒါရိုက်တာတစ်ဦးက “ပြည်ပနိုင်ငံကို တရားဝင်သွားရောက် အလုပ်လုပ် ကိုင်သူ အများအပြား ရှိပေမယ့်လည်း သက်ဆိုင်ရာဌာနက နိုင်ငံအလိုက် သွားရောက် အလုပ်လုပ်ကိုင်မည့် လူဦးရေကို ကန့်သတ်ထားပြီး OWIC သင်တန်း တက်ရောက်ခွင့် ဦးရေ နည်းပါးလာပြီ”ဟု ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာဌာနက OWIC ကတ် ပြုလုပ်ရာတွင် စိစစ်ကန့်သတ် ထုတ်ပေးနေသောကြောင့် OWIC ကတ် ပြုလုပ်ရန် စောင့်ဆိုင်းနေရသူများသည် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ အချိန်နှင့် ငွေကြေး နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ အလုပ်ခေါ်စာ ကျလာသော်လည်း OWIC ကတ် မရသေး၍ အလုပ်အကိုင်များ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။