CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် တရုတ်၊ ဗီယက်နမ်၊ လာအိုတို့သို့ လုပ်သားများ ပြောင်းလဲစေလွှတ်လာ ကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။

ထိုသို့ လုပ်သားများ ပြောင်းလဲစေလွှတ်လာနေကြရာမှာ တရုတ်သို့ တရားဝင်လုပ်သား စေလွှတ်နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေး ညှိနှိုင်းနေကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အပေါ် အသက်ကန့်သတ်ချက်များကြောင့် လက်ရှိတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီများ အနေဖြင့် အနုတ်ပြနေသည့် အနေအထား ဖြစ်သောကြောင့် ဗီယက်နမ်၊ လာအို ဘက်များသို့ လိုင်စင်ရ အေဂျင်စီအချို့မှ လုပ်သားပြောင်းလဲ စေလွှတ်လာကြခြင်းဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကိုတွေ့ရစဉ်

၎င်းက “အလုပ်အကိုင်က မလေးရှားက လုံးဝပိတ်သွားပြီ။ ဟိုဘက်က မခေါ်တော့ဘူး။ ထိုင်းဘက်ကကြတော့ demand အဟောင်းတွေ ရှိတယ်။ demand ရရှိမှု ထိုင်းဘက်အခြမ်းက နည်းသွားတယ်။ အခု တရုတ်ပြည်ကို လမ်းဖောက်နေကြတယ်။ အတည်ချုပ်တို့ ဘာတို့နဲ့ ဗီယက်နမ်တို့ လာအိုတို့ ပို့ကြတယ်။ ပို့တဲ့သူကလည်း အထည်ချုပ် စက်ရုံကို ပို့တယ်ကြားတယ် လိုင်စင်ရအေဂျင်စီပဲ။ အဆင်ပြေနေတယ် သူ့ဟာနဲ့သူ။ MOU မရှိပေမယ့် demand ရှိရင် demand တင်၊ အစိုးရက ခွင့်ပြုရင် စေလွှတ်လို့ရတယ်လေ။ လာအိုနဲ့ကတော့ ပို့တဲ့ကုမ္ပဏီက ပို့နေတယ်။ ဒါပေမယ့် MOU အဆင့်မရှိဘူး။ တရုတ်နဲ့ကလည်း MOU အဆင့်မရသေးဘူး” ဟု ပြောသည်။

ထို့အပြင် ထိုင်းဘက်အခြမ်း၌ အလုပ်ခေါ်စာများအား အေဂျင်စီများမှ အပြိုင်အဆိုင် ဝယ်ယူနေကြသည့်အတွက် အလုပ်ခေါ်စာ တစ်စောင်လျှင် ဘတ် ၁၀,၀၀၀ ခန့် ဈေးပေါက်နေပြီး စက်ရုံ/အလုပ်ရုံ အလုပ်ခေါ်စာများ ဖြစ်ပါက ဘတ်ငွေ ၃၀,၀၀၀ အထက်အထိ ဈေးပေါက်‌နေကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ၌ လုပ်သား လိုအပ်ချက်များရှိနေသဖြင့် တရားဝင် စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများမှ ညှိနှိုင်းဆွေးနွေးနေကြကြောင်း၊ အဆင်ပြေသွားပါက လုပ်သားစေလွှတ်သည့် လမ်းကြောင်းတစ်ခု တိုးလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားရုံးကိုတွေ့ရစဉ်

၎င်းက “အခုမှ ဖောက်တုန်းပါပဲ။ ထွက်တဲ့သူတောင် သိပ်မထွက်နိုင်သေးဘူး။ MOU တော့ မထိုးရသေးဘူး။ MOU ပုံစံမျိုးပဲ သွားလို့ရမှာ။ ထွက်တာတော့ ထွက်သွားပြီ အယောက် ၉၀ လောက်တော့ ထွက်တော့ထွက်သွားပြီ။ ဒါပေမယ့် တခြား နည်းနည်းချောအောင်တော့ ပြန်လုပ်နေတယ်။ လိုအပ်ချက်ကတော့(လုပ်သား) အများကြီးပါပဲ တရုတ်ဘက်က ပိုများတယ် အများကြီး လိုအပ်တယ်။ ဗီယက်နမ်ကကြတော့ လစာတွေ တိုးလာတဲ့အခါကြတော့ သူတို့လည်း လိုအပ်ချက်က ရှိလာပြီလေ။ ရှိလာတဲ့ အခါကြတော့ သူတို့လည်း ထပ်ပြီးတော့ ခေါ်တာပေါ့” ဟု ပြော သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အေဂျင်စီများမှ စေလွှတ်ထားသည့် အလုပ်သမားများ၏   မိသားစုလွှဲပို့ငွေစာရင်း အထောက်အထားများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ မှ စတင်ပြီး လစဉ် လဆန်း ၅ ရက်ထက် နောက်မကျဘဲ ပေးပို့ရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ စာထုတ်ထားသည်။

ထို့အပြင် လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အေဂျင်စီများအား အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသဖြင့် ပြည်ပ အလုပ်အကိုင် အေဂျင်စီများမှာ အခက်တွေ့ နေကြကြောင်းလည်း သိရသည်။