CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈

ပြည်ပထွက်ခွာမှုများအပေါ် တင်းကြပ်နေသည့်အပြင် ပြည်ပအလုပ်အကိုင် အေဂျင်စီများအပေါ်လည်း ပိုမို တင်းကြပ်နေသည့်ကြားမှ အေဂျင်စီအသစ်များ ထပ်တိုးလာခြင်းအပေါ် မည်သည့်အတွက်ကြောင့်လဲဆိုကာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများအကြား သုံးသပ်မှုများရှိနေသည်။

ယခင်ရှိနေသည့် အေဂျင်စီ အဟောင်းများသည် လက်ရှိတွင် လုပ်ရကိုင်ရခက်ခဲ ကြပ်တည်းနေသည့် အခြေအနေ မှာ ယခုကဲ့သို့ အေဂျင်စီအသစ်များ ထပ်မံတိုးလာခြင်းက မေးခွန်းထုတ်စရာဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အံ့ဩစရာကောင်းတဲ့ အချက်အလက်ပဲ။ အေးဂျင့်တွေလည်း တချို့လည်း အရေးယူခံလိုက်ရတာတွေ၊ နောက်ပြီး သူတို့သတ်မှတ်ထားတဲ့ အခွန်တို့၊ မိဘဆွေမျိုးထံ ပြန်လည်လွှဲပေးတဲ့ ၂၅ ရာခိုင်နှုန်း စာရင်း အချက် အလက်တွေ သတင်းမပေးပို့နိုင်တဲ့ အေးဂျင့်တွေကိုလည်း သူတို့ Blacklist သွင်းတာတွေ လုပ်နေတဲ့ ကြားထဲက အခုလို အသစ်ပြန်ပေါ်ပေါက်လာတာက ပိုင်ရာဆိုင်ရာတွေ နီးစပ်ရာနီးစပ်ကြောင်းတွေ ပြန်လည်ထူထောင်တယ် လို့ သုံးသပ်မိတယ်။ တချို့ကြတော့လည်း တော်တော်ကြီးကို သူတို့နဲ့ ဆွေမျိုးနီးစပ်တွေ၊ လက်ရှိ စစ်ကောင်စီ အစိုးရနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ပုဂ္ဂိုလ်၊ ထဲထဲဝင်ဝင်ရှိတဲ့ ပုဂ္ဂိုလ်တွေက လစ်လပ်သွားတဲ့ နေရာတွေမှာ ပြန်လည် အစားထိုးပြီး ယူတယ်လို့ပဲ သုံးသပ်မိပါတယ်။ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူတွေဆိုတော့ ငါတို့ကို အရေးမယူ လောက်ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်နေတယ်လို့ပဲ သုံးသပ်တယ်။ မဟုတ်ရင်တော့ ဒီအချိန်မှာ အသစ်ပြန် လည်ပြီး မှတ်ပုံတင် လျှောက်ထားပြီးမှ အေးဂျင့်အသစ်တွေ ထွက်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေ အထားပါ” ဟု ပြောသည်။ 

 ပြည်ပထွက်မည့် အလုပ်သမားများကိုတွေ့ရစဉ်

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနမှလည်း လိုင်စင်များ ချပေးလျက်ရှိရာ ပြည်ပအလုပ်အကိုင် အေဂျင်စီ အရေအတွက်မှာ ၅၈၂ ခုအထိ ရှိလာပြီဖြစ်သည်။

သို့သော်  ထိုအေဂျင်စီအသစ်များသည် အမှန်တကယ် လုပ်သားစေလွှတ်မည့် အေဂျင်စီများ ဖြစ်ခဲ့ပါကလည်း လက်ရှိ အခြေအနေတွင် လုပ်ကိုင်ရ အဆင်မပြေနိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 ပြည်ပထွက်မည့် အလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “သူတို့တွေက လက်ရှိ အဆင်ပြေအောင်ပို့ ဖို့ဆိုတာက၊ နောက် အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် အဲဒီ အေဂျင်စီတွေအနေနဲ့ လုပ်နိုင်သလားပေါ့။ လုပ်နိုင်သလားဆိုတာ တခြားမဟုတ်ဘူး အခုလောက် စည်းမျဉ်းစည်း ကမ်းတွေ၊ တောင်းဆိုချက်တွေ အရမ်းများတဲ့ အခါကြတော့ အဲဒါကို လုပ်နိုင်တယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ ဒါပေမယ့် ကျနော်ထင်တယ် မလွယ်လောက်ဘူး။ အခုဟာက MOU ဖြစ်ဖြစ် အသက် ၂၃ ဘာညာဆို အဲဒီအရွယ် အုပ်စုတွေဆို အာဏာပိုင်တွေရဲ့ လက်ထဲမှာ အကုန်ပေးထားတာလေ။ ဘယ်လောက်ပဲ စာရွက်စာတမ်းပြည့်စုံပြီး အဆင်ပြေနေပါစေ သက်ဆိုင်ရာ ဌာနဆိုင်ရာ တစ်ခုကနေ သံသယရှိတယ် လိုအပ်တယ်လို့ထင်ရင် သွားလို့မရဘူး လေ” ဟု ပြောသည်။

အေဂျင်စီအသစ်များ တိုးလာသော်လည်း အလုပ်သမားဝန်ကြီးဌာနဘက်မှ ပြည်ပထွက်ခွာခွင့်နှင့် အေဂျင်စီများ အပေါ် တင်းကြပ်မှုများက လျော့ကျသွားမည် မဟုတ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက သုံးသပ်ကြသည်။

ထို့အပြင် ပြည်ပထွက်ခွာခွင့်များအပေါ် တင်းကြပ်ထားမှုသည် ကာလအတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်သော ကြောင့် ပြန်လည်ဖြေလျှော့ပေးရန်လည်း ၎င်းတို့က အကြံပြုကြသည်။