CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
ဆန်သိုလှောင်ခွင့်ကို မှတ်ပုံတင်များအား မြန်မာတစ်နိုင်ငံလုံးရှိ ဆန်ဆိုင် အသေးစားများမှအစ ပြုလုပ်ရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများကို မှတ်ပုံတင်ဆောင်ရွက် ခိုင်းခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူများအနေဖြင့်လည်း မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။
ထို့နောက် ယခုအခါတွင် အသေးစားဆန်ဆိုင်များပါမကျန် ဆန်သိုလှောင်ခွင့် မှတ်ပုံတင်ကြရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ၎င်းအသေးစား ဆန်ဆိုင်များအတွက် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပြု/မပြု မသိရသေးကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဆန်ပွဲရုံကို တွေ့ရစဉ်
၎င်းက “အရင်ကတော့ ဆန်အိတ် ၁၀၀၀ နဲ့အထက်ကိုပေါ့။ အခုကတော့ ဆန်ရောင်းတဲ့သူတွေအကုန်လုံးကို မှတ်ပုံတင်ဖို့ ညွှန်ကြားထားပါတယ်။ သူတို့ကတော့ ဆန်ရောင်းတဲ့လူတွေရဲ့ သိုလှောင်စာရင်းတွေ အကုန်သိချင် တော့ အကုန်မှတ်ပုံတင်ခိုင်းတာ။ စီးပွားကူးသန်းကပဲ စိစစ်လို့ရမယ် အဖွဲ့ဖွဲ့ထားတာရှိတယ်။ ဆန်ရောင်းတဲ့ အိတ် ၂၀၀၊ ၃၀၀ ဒါပေမယ့် ၂၀၀၊ ၃၀၀ သမားကြတော့ မှတ်ပုံတင်ကြေးတွေ ဘာတွေ ကင်းလွတ်ခွင့်ရှိမယ်တို့ဘာတို့ အဲဒါတွေက နောက်ထပ် ထပ်တော့ထုတ်ရဦးမယ်။ ပထမက ဆန်အိတ် တစ်ထောင်နဲ့ စပါးတင်း ၅၀၀၀ ပေါ့ အဲဒါပဲ ပါတယ်။ အခုနောက်ထပ် ထပ်ညွှန်ကြားတဲ့ဟာတွေကတော့ အသေးစိတ်တော့ ထပ်မထုတ်ရသေးဘူး။ အဲဒီလူ တွေကိုတော့ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပြုမယ်လို့တော့ ပြောထားတယ်” ဟု ပြောသည်။
ပြည်တွင်း ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်း တည်ငြိမ် မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်ထားနိုင် ရေး၊ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေး ထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့ အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများကို နိုင်ငံတစ်ဝှမ်း ကြုံတွေခဲ့ရပြီး စိုက်ခင်းပေါင်း ၆ သိန်း ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ဆန်ပွဲရုံကို တွေ့ရစဉ်
ထိုသို့ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် အထွက်နှုန်းမှာ ယခင်ထက် သန်းနှင့်ချီ လျော့ကျနိုင်သဖြင့် စားသုံးမှုအတွက် လိုအပ်မည့်ပမာဏအား သိရှိစေရန်နှင့် ဈေးကစားမှုများကို ထိန်းချုပ်ချင်သည့် အတွက်ကြောင့် ဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့အရန်ဆန် ဘယ်လောက်ရှိမလဲဆိုတဲ့အပေါ် ဒေတာလိုချင်တာလည်းရှိမယ်။ နောက်တစ်ခုက အခုလို အခြေအနေမျိုး ကပ်တွေကျပြီဆိုရင် ထုံးစံအတိုင်း ဝယ်လိုအား မြင့်လာတဲ့အခါမှာ ကုန်ဈေးနှုန်းတွေ လိုက်တက် တာကိုလည်း သူတို့ ကြိုပြီးတားဆီးချင်တဲ့ သဘောမှာလည်း ရှိမယ်ထင်ပါတယ်။ အရင်တုန်းက ဆိုရင်တော့ ဆန်ကုန်သည် အကြီးတွေလောက်ပဲ register လုပ်ခိုင်းပေမယ့် အခုက သူတို့ထိန်းချုပ် ချင်တာလည်း ပါလိမ့်မယ်။ နောက်တစ်ခုက အရန်ဆန်မှာလည်း နည်းနည်းလေး လိုအပ်ချက်တွေရှိတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ရှေ့လျှောက်စားသုံးမှုအတွက် လိုမယ့်ပမာဏနဲ့ ဒီမှာရှိနေတဲ့ ပမာဏကို သူတို့ချိန်ဆချင်တာလည်း ဖြစ်နိုင်ပါ တယ်” ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ မှတ်ပုံတင်ထားသော ကုမ္ပဏီများ၏ သိုလှောင်ရုံ အရေအတွက် ၂၁၃ လုံး၊ တစ်ဦးချင်း လုပ်ငန်းရှင်များ၏ သိုလှောင်ရုံ ၅၁၃ လုံး၊ စုစုပေါင်း သိုလှောင်ရုံ အရေအတွက် ၇၂၆ လုံး မှတ်ပုံတင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။