CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇
အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဟာ ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် နောက်ဆုံး ၃ ဦးစာရင်း ထုတ်ပြန်ခဲ့တာမှာ အမျိုးသားဆုအတွက် ဟာကီမီ၊ ဆာလက်နဲ့ အိုဆီမန်တို့ ယှဉ်ပြိုင်ကြရမယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
မော်ရိုကိုနောက်ခံလူ ဟာကီမီဟာ ပြီးခဲ့တဲ့ရာသီမှာ PSG အသင်းကို အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဖလား ပထမဆုံးအကြိမ် ရရှိနိုင်အောင် ကူညီပေးနိုင်ခဲ့သလို ပြင်သစ်လိဂ်နဲ့ ဖလား၊ ဥရောပစူပါဖလားတို့ကိုလည်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အီဂျစ်တောင်ပံကစားသမား ဆာလက်ကတော့ မနှစ်ကရာသီ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ၂၉ ဂိုးသွင်းယူကာ ၁၈ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

အာဖရိက အကောင်းဆုံး ကစားသမား ၃ ဦးကို တွေ့ရစဉ်
၂၀၁၇ နဲ့ ၂၀၁၈ မှာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ဆာလက်ဟာ ဒီဆုကို တတိယအကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်ဟာ ဂါလာတာစာရေးအသင်းကို ပြီးခဲ့တဲ့ရာသီမှာ လိဂ်နဲ့ ဖလား ၂ ခုစလုံး ရယူပေးနိုင်ခဲ့ပြီး ၂၆ ဂိုးနဲ့ တူရကီစူပါလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။
သူတို့ ၃ ဦးစလုံးဟာ ၂၀၂၃ ခုနှစ်က ဆုပေးပွဲမှာလည်း နောက်ဆုံး ၃ ဦးစာရင်းထဲ ပါဝင်ခဲ့ပြီး အိုဆီမန်က ဆုရရှိခဲ့ ကာ ဟာကီမီက ဒုတိယနဲ့ ဆာလက်က တတိယရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်က အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ လွတ်ခ်မန်းကတော့ ဒီနှစ်အတွက် နောက်ဆုံး ၃ ဦးစာရင်းထဲမှာ ပါဝင်လာခဲ့ခြင်း မရှိတာပါ။
နိုဝင်ဘာ ၁၉ ရက် ရာဘတ်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် CAF Awards မှာ အခြားဆု အများအပြားကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်။
Source: CNA
