CNI International News

အန်တာနာနာရီဗို ၊ အောက်တိုဘာ ၁၇

မာဒါဂက်စကာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီယာနီရီနာ (Michael Randrianirina ) က သူသည် အောက်တိုဘာ ၁၇ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

မာဒါဂက်စကာနိုင်ငံတွင် သမ္မတ အန်ဒရီ ရာဂျိုလီနာ (Andry Rajoelina) ကို ဖယ်ရှားသည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အာဖရိကသမဂ္ဂ(AU)က မာဒါဂက်စကာအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ချိန်၌ ရန်ဒရီယာနီရီနာ၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေဆိုင်ရာ တရားရုံးတွင် ကြားနာမှု ပြုလုပ်ချိန် ကာလအတွင်း ရန်ဒရီယာနီရီနာသည် အောက်တိုဘာ ၁၇ ရက်၌ မာဒါဂက်စကာနိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိမ့်မည်ဟု နိုင်ငံပိုင်ရုပ်သံက အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၄ ရက်က မာဒါဂက်စကာစစ်တပ်၏ CAPSAT တပ်ဖွဲ့ အကြီးအကဲဖြစ်သည့် ရန်ဒရီယာနီရီနာ သည် သမ္မတနန်းတော် ရှေ့တွင်ရပ်ပြီး မီဒီယာများနှင့်တွေ့ဆုံချိန်တွင် စစ်တပ်သည် အစိုးရ ဖွဲ့သွားမည်ဖြစ် ကြောင်းနှင့် ၂ နှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ မကြာခင် ကျမ်းသစ္စာ ကျိန်ဆိုသွားမှာပါ။ မနေ့က ပြောခဲ့တာတွေအတွက် ကျနော်တို့ တာဝန်ယူပါ တယ်” ဟု ရန်ဒရီယာနီရီနာက အောက်တိုဘာ ၁၅ ရက်တွင် ထပ်မံ ပြောကြားခဲ့သည်။

မာဒါဂက်စကာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီယာနီရီနာကို တွေ့ရစဉ် 

ပြီးခဲ့သည့် ရက်ပိုင်းက ဆန္ဒပြမှုများကြောင့် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လွှတ်တော်အမတ်များ၏ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရသည့် ရာဂျိုလီနာကမူ အာဏာသိမ်းမှုအား ရှုတ်ချခဲ့ပြီး သမ္မတရာထူးမှ ဆင်းပေးရန် ငြင်းဆိုခဲ့သည်။

ပြင်သစ် ကိုလိုနီဟောင်းဖြစ်သည့် မာဒါဂက်စကာတွင် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြောင့် စက်တင်ဘာ ၂၅ ရက်ကတည်းက ဆန္ဒပြမှုများ စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း၌ ဆန္ဒပြမှုများသည် အရှိန် မြင့်လာကာ ဆူပူအုံကြွမှုများ ဖြစ်ပွားလာခဲ့သည်။

လူဦးရေ သန်း ၃၀ ခန့် နေထိုင်သည့် မာဒါဂက်စကာနိုင်ငံတွင် စစ်ခေါင်းဆောင် ရန်ဒရီယာနီရီနာသည် ဆန္ဒပြသူ များနှင့် ပူးပေါင်းခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က  ရာဂျိုလီနာကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

အာဖရိက၏ အရှေ့ဘက် ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည့် မာဒါဂက်စကာနိုင်ငံသည် ပြင်သစ်လက်အောက်မှ လွတ်လပ်ရေးရသည့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အာဏာသိမ်းမှုများနှင့် နိုင်ငံရေး အကျပ်အတည်းများ မကြာခဏ ဖြစ်ပွားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား